ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Rocket များဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၂ Young Force UG မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအခြေပြုသည့် အနောက်ဘုန်းကန်ကျေးရွာအား ဇွန်လ (၃) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ဇွန်လ (၄) ရက်နေ့တွင် ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ ထွက်ခွာလာသည့် အင်အား (၁၅၀) ခန့်ပါရှိသည့် စစ်ကောင်စီကား (၁၃) စီးပါ ယာဉ်တန်းအား ပခုက္ကူ-ကမ္မလမ်းပိုင်းတစ်နေရာတွင် ဒရုန်းများဖြင့် ဗုံးသီး (၅၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Young Force UG အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရှေ့ဆက်တိုးနိုင်ခြင်းမရှိသည့်အတွက် အနီးအနားရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် (၄)ဦး သေဆုံးခဲ့ပြီး (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG၊ Thurain – TR (Pakokku)၊  Pakokku Underground Force၊ Taty-PKU PDF Cobra One (Pakokku)၊ ပခုက္ကူ-ကမ္မ-မြိုင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency