ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင်စခန်းမှ ဟင်းစားရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင်စခန်းမှ ဟင်းစားရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင်စခန်းမှ ဟင်းစားရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ကြောင်း PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ဟင်းသီးဟင်းရွက်ရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးအား ဇူလိုင်လ (၁၂) ရက်နေ့ နေ့လယ် နှစ်နာရီခွဲခန့်တွင် PPDF - ၃၆၀၁ တပ်ရင်း မိုင်းကွင်းစောင့်တပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း PPDF - ၃၆၀၁ တပ်ရင်းမှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း မပြုကြရန်နှင့် ၎င်းတို့ရှိရာနေရာများအား ရှောင်ရှားသွားလာကြပါရန် PPDF - ၃၆၀၁ တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency