ကောလင်းမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင် နှင့်ကလေးငယ် အပါအဝင် (၄)ဦး သေဆုံး

ကောလင်းမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင် နှင့်ကလေးငယ် အပါအဝင် (၄)ဦး သေဆုံး
သြဂုတ် 24, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း၊ ကောလင်းမြို့နယ်၏ အနောက်ခြမ်း ချောင်းနားတိုက်နယ်၊ သစ်ဆိမ့်ကုန်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် အသက် (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ (၄)ဦး သေဆုံးခဲ့ရကြောင်း KR-Team ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ ည(၁၁)နာရီ (၄၁)မိနစ်အချိန်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် အသက် (၆)နှစ်အရွယ် ကလေးငယ် အပါအဝင် (၄)ဦး သေဆုံးခဲ့ပြီး (၅)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အသက်(၆)နှစ်ခွဲအရွယ် မောင်ပြည့်စုံ၊ ကိုမိုးအောင်၊ ကိုဇင်မျိုးထွန်း နှင့် ၎င်း၏ ဇနီးဖြစ်သူ မဖြူဇာဝင်းတို့ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မဖြူဇာဝင်းသည် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်ပြီး (၉)လဝန်းကျင် ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ အထိန်းအကွပ်မဲ့နေသည့် တပ်ဖွဲ့ဝင်များသည် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံပြည်သူများကိုလည်း PDF များ နှင့် PDF ထောက်ပံ့သူများဟု စွပ်စွဲကာ ထင်သလို လုပ်ဆောင်နေ၍ ဒေသခံ အများစုမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဒေသခံများထံက သိရသည်။