EU၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည့် ဗိုလ်မှူးကြီး စောချစ်သူ ကျပ်သိန်း တစ်ထောင်ချီးမြှင့်သည့် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ပြန်တွေ့ရ

EU၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည့် ဗိုလ်မှူးကြီး စောချစ်သူ ကျပ်သိန်း တစ်ထောင်ချီးမြှင့်သည့် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ပြန်တွေ့ရ
နိုဝင်ဘာ 11, 2024 | 2021 Military Coup| အခြားဒေသများ

ဥရောပသမဂ္ဂ(EU)က အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ကြေညာပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် ကရင်အမျိုးသားတပ်မတော်(KNA)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသည် လှိုင်းဘွဲ့ မြို့နယ် ကြာအင်းခေတ်မီစံပြကျေးရွာ ဘုံကထိန်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို သွားရောက်အားပေးနေသည့် ဓာတ်ပုံများထွက်ပေါ်လာသည်။

ဗိုလ်မှူးကြီး စောချစ်သူသည် ကြာအင်းခေတ်မီစံပြကျေးရွာ၌ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့က စုပေါင်းမဟာဘုံကထိန် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် အမှတ် (၃) စစ်ဒေသအသင်း နှင့် ArKu's အသင်းတို့ ယှဥ်ပြိုင်ကစားကြသည့် ပွဲစဥ်ကို သွားရောက်အားပေးခဲ့ခြင်းဖြစ်သည်။

ယှဥ်ပြိုင်ကစားကြသည့် နှစ်သင်းအနက် ၎င်း၏သား အသင်းခေါင်းဆောင်အဖြစ်ပါဝင်ကစားသည့် ArKu’s အသင်းက ပထမဆုရပြီး ဆုကြေးငွေကျပ် သိန်း(၁၀၀၀)နှင့် ကားတစ်စီးရရှိသွားကြောင်း သိရသည်။

ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင် ကုမ္ပဏီတို့ကို EU က ပြီးခဲ့သည့် အောက်တိုဘာလ(၂၉)ရက်နေ့တွင် မြ၀တီမြို့၌ အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပိတ်ဆို့အရေးယူကြောင်း ကြေညာထားခြင်း ဖြစ်သည်။

#TachileikNewsAgency

Photo: ArKu’s