မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ဘုရားကျောင်း ထိမှန်ပျက်စီးပြီး အရပ်သား ထိခိုက်သေဆုံး

မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ဘုရားကျောင်း ထိမှန်ပျက်စီးပြီး အရပ်သား ထိခိုက်သေဆုံး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့်် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်း၊ ဘုရားကျောင်း (၁)ကျောင်းနှင့် နေအိမ် (၁)လုံးတို့ ထိမှန်ပျက်စီးပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၇) နာရီခန့်တွင် စစ်ကောင်စီတပ် ခမရ (၃၅၁) နှင့် ခလရ (၆၀) တပ်ရင်းမှ လက်နက်ကြီး စုစုပေါင်း (၉)လုံး ပစ်ခတ်ခဲ့ရာ ရွာကြီးအင်းကျေးရွာအတွင်းသို့ (၄)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၅)လုံးမှာ နိုကလော် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉)ရက်နေ့ နေ့လယ် (၁၀)နာရီတွင် သေဂေလူကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များသည် နောင်ကုန်းကျေးရွာ အတွင်းသို့  ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် (၁၁)နာရီကျော်တွင် ရေလဲကျေးရွာ အတွင်းသို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာပိုင် စာသင်ကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

သေဂေလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဂေလူကျေးရွာ၊ ရေလဲကျေးရွာနှင့် ရွာကြီးအင်းကျေးရွာတို့ရှိ ပြည်သူများသည် ကြောက်ရွံ့ထိတ်လန့်ပြီး ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် နိုကလော်ကျေးရွာများမှ ပြည်သူများအား Free Burma Ranger အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် အရေးပေါ် စားနပ်ရိက္ခာအတွက် ဆန်(၁၀)အိတ်နှင့် ဆား၊ ငရုပ်၊ အချိုမှုန့် စသည်တို့ကို သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထို့အပြင် လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ ညနေ (၄)နာရီတွင် ကွင်းချောင်းဝရှိ စစ်ကောင်စီတပ်၏ လှုပ်ရှားတပ်များသည် အနန်းဘော်ကျေးရွာမှနေပြီး ရွာသာယာကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ဒေသခံတဦး၏ နေအိမ် (၁)လုံး ထိမှန်ပျက်စီးခဲ့ရပြီး ကလေးငယ်တဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ကွင်းချောင်းဝရှိ စစ်ကောင်စီတပ်များသည် ည (၁၀)နာရီတွင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နံဇကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ခရစ်ယာန် ဘုရားကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU