လားရှိုးမြို့နယ်အတွင်းရှိ ခလရ(၄၁)နှင့် ခလရ(၆၈)တပ်ရင်းနှစ်ခုလုံးကို MNDAA က သိမ်းပိုက်ဟု သတင်းထွက်

လားရှိုးမြို့နယ်အတွင်းရှိ ခလရ(၄၁)နှင့် ခလရ(၆၈)တပ်ရင်းနှစ်ခုလုံးကို MNDAA က သိမ်းပိုက်ဟု သတင်းထွက်
ဇူလိုင် 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင်းရှိ  ခလရ(၄၁) နှင့် ခလရ(၆၈)တပ်ရင်းနှစ်ခုလုံးကို MNDAA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ တပ်စခန်းနှစ်ခုလုံးကို MNDAA က သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများစွာလည်း သေဆုံးနေသည်ကို MNDAA တပ်ဖွဲ့၏  ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။

စစ်ကောင်စီတပ်ဘက်ကမူ အဆိုပါရုပ်သံဖိုင်များတွင်ပါသည့် ကိုးကန့်စကားသံကိုဖျောက်ကာ MNDAA တပ်သားများသေဆုံးသည်ဟု ၎င်းတို့ကိုထောက်ခံသည့် စစ်ကောင်စီလော်ဘီများအား ဝါဒဖြန့်သည်။

ခလရ(၄၁)တပ်သည် သီပေါအထွက် လားရှိုးမြို့အဝင်မုခ်ဦးတွင်ရှိပြီး ခလရ(၆၈)တပ်သည် ဟိုပိတ်အထွက် စစ်မှုထမ်းဟောင်းများနေသည့် ရှမ်းကုန်းရွာအနီးတွင်ရှိသည့်တပ်ဖြစ်ကာ ၎င်းတပ်စခန်းနှစ်ခုလုံးကို ပြီးခဲ့သည့်ရက်ပိုင်းကစတင်၍ MNDAA တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို မသိရသေးသော်လည်း ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့တွင် ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)ဘက်တို့၌ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး၊ လက်ငယ်ပစ်ခတ်သံများ ဆူညံနေသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။