တရုတ်အနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုအား ပြန်လည်သုံးသပ်ရန် NUG ပြောရေးဆိုခွင့် တိုက်တွန်း

တရုတ်အနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုအား ပြန်လည်သုံးသပ်ရန် NUG ပြောရေးဆိုခွင့် တိုက်တွန်း

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် မဲခေါင်အစည်းအဝေးသို့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား  ဖိတ်ခေါ်ခြင်းကို ပြန်လည်သုံးသပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ပြောဆိုလိုက်သည်။

“တရုတ်နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းကောင်းလို့ ကျွန်တော်တို့ သဘောထားရှိပါတယ်။ တချိန်တည်းမှာ အကြမ်းဖက်မင်းအောင်လှိုင်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ကြားတယ်ဆိုတာ ကြားသိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်မကောင်း စိုးရိမ်ပူပန်မှုဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်၊ မတည်မငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ လူသတ်အကြမ်းဖက်သမားကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာမှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်မြင်မိပါတယ်။”ဟု ဦးကျော်ဇော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၌ စစ်ကောင်စီက နယ်မြေအများအပြား ထပ်မံလက်လွှတ်လိုက်ရပြီးနောက်ပိုင်း တရုတ်နိုင်ငံက နေပြည်တော်နှင့် ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်လာကာ တော်လှန်ရေးအဖွဲ့များအား ဖိအားပေးရန် တရုတ်က ကြိုးပမ်းလာသည်ကို တွေ့နေရခြင်းဖြစ်သည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ အိမ်နီးချင်းတရုတ်နိုင်ငံအပေါ် မြန်မာပြည်သူလူထုက အထင်လွဲမှားမှုနှင့် အမုန်းပွားမှုများ ဖြစ်လာမည်ကို စိုးရိမ်သည်ဟုလည်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“နောက်တစ်ခုကတော့ တရုတ်အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေ မီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေတာ တွေ့ရှိရပါတယ်။ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးတယ်ဆိုတဲ့ သတင်းတွေဟာ တရုတ်နိုင်ငံအပေါ်မှာ မြန်မာပြည်သူလူထုရဲ့ အထင်အမြင်လွဲမှားမှုနဲ့ အမုန်းပွားစေနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ စိုးရိမ်ပူပန်မိပါတယ်။”ဟု ဦးကျော်ဇော်က ဆိုသည်။

NUG အနေဖြင့် ၂၀၂၄ ဇန်နဝါရီလဆန်းတွင် အတိအလင်းထုတ်ပြန်ထားသည့်အတိုင်း တရုတ် နိုင်ငံနှင့်ပတ်သက်၍ နှစ်နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ အိမ်နီးချင်းကောင်းပီသစွာရပ်တည်ရေး၊ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိသည်ဆိုသည့်မူဝါဒအပေါ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်ဟု ပြောသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့အများအပြား သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များကို ပိတ်ခြင်း၊  ကုန်စည်သယ်ယူခွင့် ကန့်သတ်ခြင်းနှင့် တော်လှန်ရေးတပ်များအပေါ် တိုက်ပွဲများရပ်ရန် ဖိအားပေးခြင်းများကို တရုတ်နိုင်ငံက လုပ်ဆောင်နေသည်ကို တွေ့ရသည်။

#TachileikNewsAgency