ကူးမင်းဆွေးနွေးပွဲတွင် လားရှိုးမြို့ပတ်ဝန်းကျင်ကိုပြန်ပေးရန် စစ်ကောင်စီတောင်းဆိုချက် MNDAA ပယ်ချ

ကူးမင်းဆွေးနွေးပွဲတွင် လားရှိုးမြို့ပတ်ဝန်းကျင်ကိုပြန်ပေးရန် စစ်ကောင်စီတောင်းဆိုချက် MNDAA ပယ်ချ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပတ်ဝန်းကျင်ကို ပြန်ပေးရန် စစ်ကောင်စီ၏ တောင်းဆိုချက်အား MNDAA ဘက်က ပယ်ချလိုက်သည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA တို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့က စတင်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးနေချိန် စစ်ကောင်စီဘက်က ယင်းသို့တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်က‌တော့ လားရှိုးပတ်ဝန်းကျင်ကိုပြန်လည်ပေးဖို့တောင်းတယ်။ သုံ့ပန်းထဲက အရာရှိတွေကို ပြန်ပေးဖို့ပေါ့။ ဒီအချက်တွေကိုတောင်းပါတယ်။ MNDAA ဘက်ကတော့ အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်တယ်။ အစည်းအဝေးက ထူးခြားမှုမရှိဘူး။”ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

တခြားဆွေးနွေးသည့် အချက်များကိုမူ ၎င်းဘက်က ထုတ်ဖော်ပြောကြားလိုခြင်း မရှိသေးပေ။

အစည်းအဝေးကို MNDAA ဘက်က ဖုန်တာရွှင်၏ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှုး ဖုန်ခွင်းက ဦးဆောင်ကာ စစ်ကောင်စီဘက်က အမှတ်(၁)စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်သည်ဟု သိရသည်။

လားရှိုးမြို့ကို MNDAA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လည်း ကျဆုံးသွားချိန် စစ်ကောင်စီက လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာသည်။

ထို့နောက် တရုတ်၏ ဖိအားများဖြင့် MNDAA ထိန်းချုပ်ဒေသများထံ ကုန်ပစ္စည်းမဝင်ရောက်စေရေး နယ်စပ်ဂိတ်များကို ပိတ်ခြင်းနှင့် ကုန်ပစ္စည်းကန့်သတ်ခြင်းများပြုလုပ်သည်။

တရုတ်၏ ဖိအားကြောင့် MNDAA သည် ချက်ချင်းအပစ်ရပ်ပြီး လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ဒီဇင်ဘာလ(၃)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသည် အာရက္ခတပ်တော်(AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့် စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကူညီနေသည်ဟု သတင်းထွက်နေသည်။

တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)ကမူ စစ်ကောင်စီနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာလ (၂၅)ရက်နေ့က ထုတ်ပြန်ထားသည်။ 

AA မှာ တောင်ကုတ်နှင့် မောင်တောမြို့တို့ကိုသိမ်းပြီး အမ်းမြို့ရှိ နပခဌာနချုပ်နှင့် ဂွမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ် (၁၀၅)မိုင် အပါအဝင် တရုတ်နယ်စပ်ရှိ မြို့ပေါင်း(၈)မြို့ကို သိမ်းပိုက်ထားသည်။

#TachileikNewsAgency

Photo:လားရှိုးလေဆိပ်တွင် MNDAAအလံ လွှင့်ထူထားစဥ်(ပုံဟောင်း)