မြင်းခြံမြို့တောင်ဘက်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရ

မြင်းခြံမြို့တောင်ဘက်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံမြို့၏ တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)ဘက်သို့ လှည့်လည်ကင်းပတ်နေသည့် စစ်ကောင်စီနှင့် မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်အဖွဲ့အား စောင့်ကြိုတိုက်ခိုက်ကြောင်း Myingyan Black Tiger(MBT) အဖွဲ့ထံမှ သိရသည်။

မြင်းခြံမြို့၏ တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)ဘက်သို့ လှည့်လည်ကင်းပတ်နေသည့် စစ်ကောင်စီနှင့် မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်အဖွဲ့အား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့ နေ့လယ် (၁၁) နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး ၎င်းတို့စီးနင်းလာသည့် သံပြားကာကား (၂) စီးနှင့် Four Wheels ကား (၆) စီး အနက် သံပြားကာကား (၁)စီးအား ထားခဲ့၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများဘက်မှ ၎င်းသံပြားကာကားအား ယူဆောင်ရန်ကြိုးပမ်းစဉ် လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်၉ တပ်ရင်းနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း (၁၊၂) နှင့် စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) သည် အရှိန်မြှင့်တင်ရန် ရှိနေသည့်အတွက် ပြည်သူများအနေဖြင့်လည်း မြင်းခြံ-နွားထိုးကြီး-တောင်သာ လမ်းပိုင်းအား မလိုအပ်လျှင် သွားလာခြင်း မပြုလုပ်ပါရန် Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency