လူသားမျိုးနွယ်အပေါ် စစ်ကောင်စီမှ ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ယနေ့ ဒီဇင်ဘာလ (၂၇) ရက်တွင် ထုတ်ပြန်လိုက်သည်။
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၄) ရက်က အာဏာသိမ်း စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ(၁၀၈) ဦးဆောင်သောတပ်များက ထွက်ပြေးတိမ်းရှောင်လာသည့် ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား (၃၅) ဦးကျော်အား ကားပေါ်တွင် မီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄) ဦးကို လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းကို ပစ်သတ်ထားခဲ့ခြင်းအပေါ် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားပြည်သူများအပေါ် ကာကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယင်းကဲ့သို့ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ခြင်းအပေါ် မီးသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်းလည်း ထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အနက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။