သီပေါမြို့ကို TNLA ထိန်းချုပ်ထားသည့် အခြေအနေ

သီပေါမြို့ကို TNLA ထိန်းချုပ်ထားသည့် အခြေအနေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို TNLA က ထိန်းချုပ်ထားသည့် ဓါတ်ပုံများကို Tachileik News Agency က ရရှိထားသည်။ 

သီပေါမြို့ကို TNLA က ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့တွင် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ် စကခ(၁) လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

"သီပေါမှာ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ စစ်‌ကောင်စီက လေကြောင်း အပြင်းထန် အသုံးပြု ခုခံနေတယ်။ မြို့တော့ ထိန်းချုပ်ထားပြီ။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။ 

လက်ရှိတွင် TNLA ရဲဌာက သီပေါမြို့တွင်း ခိုးဆိုးလုယက်မှုများ မရှိစေရန် ကင်းပတ်ပေးနေပြီး မြို့အထွက်တွင် စီစစ်မှုပြုလုပ်သည်ဟု ဆိုသည်။

"အရပ်သားက အထွက်ရတယ်။ ခေတ္တတိုက်ပွဲ ပြင်းထန်ဆဲမို့ တိုက်ခိုက်မှုနည်းအောင် စိစစ်ခေတ္တပိတ်ထားပါတယ်။ အရေးပေါ်တွေတော့ ခွင့်ပြုထားပါတယ်။ အုပ်ချုပ်ရေးကိုတော့ ရဲဌာနကလုပ်နေပါတယ်။ ခိုးဆိုးလုယက်မှုမရှိအောင်။ ကူညီရေးအသင်းတွေ ၀င်ထွက်လို့ရပါတယ်။ တပ်စခန်းကျန်တာမို့လို့ အပြည့်အ၀တော့ ထိန်ချုပ်တာတော့ မဟုတ်သေးဘူး။"ဟု ၎င်းက ဆက်ပြောသည်။

သီပေါမြို့ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခလရ (၂၃)တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး(၁၁၃)လုံး လာရောက်ကြဲချသည်ဟု TNLA က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။ 

လက်ရှိတွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ရဲစခန်းနှင့် ထောင်တို့ကို TNLA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency