အောက်တိုဘာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၂ ဦး သေဆုံး

အောက်တိုဘာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၂ ဦး သေဆုံး

စစ်ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ နိုင်ငံတဝန်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း (၇၂)ဦး သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

အောက်တိုဘာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၃၇) ဦး နှင့် အမျိုးသား (၃၅) ဦး စုစုပေါင်း (၇၂) ဦး သေဆုံးခဲ့သည်ကို AAPP မှ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၄)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ (၇၂)ဦးအနက် ရခိုင်ပြည်နယ်မှာ (၃၄)ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၁၄)ဦးဖြင့် စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၅)နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် အင်အားပြင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆယ်တန်းကျောင်းသူ မဂျူလိုင်စိုး နှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်သန်းမြတို့သည် ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး မောင်ကျော်ထက်နောင်၊ ဒေါ်ထူး၊ ဦးမြင့်လွင်နှင့် မယဉ်ဖြိုးဝေတို့သည် ဗုံးစထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ထိုနေ့ ညပိုင်းအချိန်၌  ထပ်မံ သေဆုံးခဲ့ကြရကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် နိုင်ငံတဝန်း ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ခြောက်ထောင်နီးပါး (၅၈၈၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကာ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: Assistance Association for Political Prisoners (Burma)