စစ်တပ်စီးပွားရေးလုပ်ငန်းစု၏ ထုတ်ကုန် ဆင်မင်း ဘိလပ်မြေ အိတ်(၁၅၀၀)ကို ကောလင်း PDF က သိမ်းဆည်းရမိ

  Photo: ကောလင်း PDF 
  Photo: ကောလင်း PDF 
စစ်တပ်စီးပွားရေးလုပ်ငန်းစု၏ ထုတ်ကုန် ဆင်မင်း ဘိလပ်မြေ အိတ်(၁၅၀၀)ကို ကောလင်း PDF က သိမ်းဆည်းရမိ
ဇန်နဝါရီ 22, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်း ရွှေဘို - မြစ်ကြီးနား သွားလမ်းပေါ်တွင် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းအရ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရာ စစ်တပ်စီးပွားရေးလုပ်ငန်းစု ဦးပိုင်၏ ဘိလပ်မြေဖြစ်သည့် ဆင်မင်းဘိလပ်မြေအိတ် အလုံး စုစုပေါင်း (၁၅၀၀)ကို တစ်နေ့တာအတွင်း သိမ်းဆည်းရမိကြောင်း ကောလင်း PDF က သတင်းထုတ်ပြန်လာသည်။

 စစ်တပ်စီးပွားရေးလုပ်ငန်းစု ဦးပိုင်၏ ဘိလပ်မြေဖြစ်သည့် ဆင်မင်းဘိလပ်မြေအိတ် အလုံး (၈၀၀)ကို သယ်ဆောင်လာသည့် ယာဉ်အား ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေး ဖမ်းဆီးရမိခြင်းဖြစ်ပြီး လူသားခြင်း စာနာထောက်ထားသောအားဖြင့် ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပြန်လွတ်ပေးလိုက်ပြီး ဘိလပ်မြေအိတ်များကို  ထိန်းသိမ်းထားလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ယင်းအပြင် ဇန်နဝါရီလ(၁၉)ရက်နေ့၏ ညနေ(၄)နာရီဝန်းကျင်ကလည်း ဆင်မင်းဘိလပ်မြေအိတ် (၇၀၀)ကို ထပ်မံဖမ်းဆီးရမိ၍ တစ်နေ့တာအတွင်း ဘိလပ်မြေ အိတ်(၁၅၀၀)ကို ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အကြမ်းဖက် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများ နှင့် ဆက်စပ်လုပ်ငန်းများ၏ ထုတ်ကုန်များကို ပြည်သူများအနေဖြင့် ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်း နှင့် သုံးစွဲခြင်းများ မပြုလုပ်ရန် အသိပေးထားပြီးဖြစ်သည့်အတွက် ယခုအခါမှာ တွေ့ရှိပါက သိမ်းဆည်းခြင်းဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။