ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာရှိ စစ်ကောင်စီကာကင်းဂိတ် သိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ကာ လူငယ် ၂ ဦးကိုဖမ်းဆီးထား

ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာရှိ စစ်ကောင်စီကာကင်းဂိတ် သိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ကာ လူငယ် ၂ ဦးကိုဖမ်းဆီးထား

ပဲခူးတိုင်း ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာရှိ စစ်ကောင်စီ ကာကင်းဂိတ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က အင်အား(၁၀၀)နှင့် တပ်စွဲကာ လူငယ်(၂)ဦးကို ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

“အင်အား ၁၀၀ ဝန်းကျင်နဲ့တပ်စွဲပြီး စစ်တောင်းမြစ်ဒီဘက်အခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်တယ် တောက်လျောက် ရွာဘက်တွေကိုလေ။ ကျွန်တော်တို့ ဆုတ်ခွာသွားတဲ့ လမ်းတွေက ရွာတွေကို ပစ်နေတာ။ သူတို့နဲ့အနီးဆုံး ရှမ်းကိုင်းရွာက ကောင်လေးနှစ်ယောက်ကို ဖမ်းပြီးစစ်နေတယ်။ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသည့် ညောင်ခါးရှည်ရဲစခန်း၏ ကာကင်းဂိတ်ကို တိုက်ခိုက်လိုက်သည့်အတွက် စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲပြီး လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းနှင့် ဒေသခံများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကင်းစခန်းဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာမှ စစ်ကောင်စီတပ်သား(၂)ဦးနှင့် ပျူစောထီး(၃)ဦး သေဆုံးကာ ပစ္စတိုတစ်လက်၊ G-3 (၄)လက်နှင့် အူဂျီတစ်လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

ထို့ကြောင့် ပဲခူးတိုင်း ပျဉ်ပုံကြီးမှ အပတ-၁ အမှတ်(၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ်နှင့် အမြောက်တပ်တို့မှ စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားရာ လမ်းတလျောက်ရှိ ကျေးရွာများကို စစ်ကြောင်း(၃)ကြောင်းခွဲကာ စစ်ကြောင်းထိုးပြီး ရွာများကို မွှေနှောက်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က စွပ်ပနူးရွာ၊ ခလွန်ရွာ၊ မုက္ခမူရွာနှင့် ကျိုက်ကသာရွာတို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်မှာ (၂)ရက်ရှိပြီဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo: တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် လက်နက်များ