ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဟု စစ်ခေါင်းဆောင်က EAOs များကို ကမ်းလှမ်း

ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဟု စစ်ခေါင်းဆောင်က EAOs များကို ကမ်းလှမ်း

မြန်မာပြည်တဝှမ်းလုံးတွင် စစ်ရေးရှုံးနိမ့်လာသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်များကို ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဖြစ်သည်ဟု ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားနေ့အောင်ပွဲတွင် ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီး(၃)နှစ်ကျော်ကြာတွင် တော်လှန်ရေးတပ်များသည် မြို့ ပေါင်း(၈၀)ကျော်ကို သိမ်းယူထားနိုင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေချိန် စစ်ခေါင်းဆောင်က ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် "ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်။"ဟုပါရှိသည်။

အပြောနှင့် အလုပ်မညီသည့် စစ်ခေါင်းဆောင်သည် သဝဏ်လွှာတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ပြောဆိုထားသော်လည်း လက်တွေ့တွင် မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

“တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများ လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။”ဟုလည်း စစ်ခေါင်း က ကမ်းလှမ်းလာသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့်အခြေအနေကို ပေါ်ပေါက်စေမည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ခြိမ်းခြောက်ပြောဆိုသည်။

စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များသာပါဝင်ပြီး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ကမ်းလှမ်းချက် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ဖြုတ်ချလိုသည့် စစ်ခေါင်း‌ဆောင်သည် ပြည်သူ့ကာကွယ်ရေးတပ်များကို ကြောထောက်နောက်ခံပြုပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအား ငြိမ်းချမ်းရေးဆွေးနွေးလိုနေခြင်းဖြစ်ပြီး ဆွေးနွေးပွဲအထမြောက်မြောက်ပါက NUG နှင့် PDF တပ်များကို ဖြုတ်ချပစ်နိုင်မည်ဟု စစ်ခေါင်းဆောင်ဘက်က ယုံကြည်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ က ပြောဆိုသည်။

#TachileikNewsAgency