ကရင်နီပြည်နယ် မိုးဗြဲမြို့တွင် ဘီလူးချောင်းရေ ပြန်လည်ကျဆင်းလာနေပြီဖြစ်သော်လည်း စပါးစိုက်ဧက (၅၀၀၀)ကျော် ရေမြုပ်ပျက်စီးသွားသဖြင့် လာမည့်နှစ်အတွင်း စားနပ်ရိက္ခာခက်ခဲလာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
မိုးဗြဲမြို့တွင် ဘီလူးချောင်းရေသည် တစ်ရက်ကို (၂)လက်မနှုန်း ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ဘီလူးချောင်းဆည်အောက်ပိုင်း လယ်ဧရိယာများ ထက်ဝက်ကျော် နစ်မြုပ်နေဆဲဖြစ်ကာ လမ်းမှာလည်း ကားလတ်များ သွားလာမရသေးဟု ဆိုသည်။
“လယ်ရေမြုပ်ကုန်တော့ စားနပ်ရိက္ခာ ပိုကြပ်တည်းမယ်။ မိုးဗြဲဧရိယာကတော့ ဧက(၅၀၀၀)ကျော်ပေါ့၊ စာရင်း တိတိကျကျမရသေးပါဘူး။ အဲဒီလောက် ရေလွမ်းသွားတယ်။ ဘီလူးချောင်းကူးတံတားငယ်တစ်ခုလည်း ရေနဲ့ မျောပါသွားတယ်။ မြို့မတံတားပေါ့။ သွားလာဖို့ခက်ခဲနေတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက စက်လှေတွေနဲ့ သယ်ပို့ပေးနေရတယ်။ ရေကြီးပြီး ဒုတိယနေ့ကတည်းက ရေနဲ့မျောပါသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် ဘီလူးချောင်းရေသည် ညောင်ဝိုင်းရပ်ကွက်၊ ဈေးကုန်းရပ်ကွက်အောက်ပိုင်း၊ ပွဲကုန်း(၁)ရပ်ကွက် အောက်ပိုင်းတို့တွင် ရေနစ်မြုပ်နေပြီး လူဦးရေ(၃၀၀၀)ကျော်နှင့် နေအိမ်(၅၀၀)ဝန်းကျင်ရှိသည့် စစ်ဘေးရှောင်စခန်း (၂)ခုမှာလည်း ပြောင်းရွှေ့ထားရသည်ဟု သိရသည်။
“အဲဒီရပ်ကွက်တွေက တိုက်ပွဲဧရိယာဖြစ်လို့ နဂိုကတည်းက လူမကျန်တော့ဘူး။ စစ်ရှောင်စခန်းတွေကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေက လာလှူပေးတာတွေရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးဗြဲတွင် ရေကြီးနေသည်မှာ တစ်လဝန်းကျင်ကြာနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က ကရင်နီကိုဝင်သည့် လမ်းကြောင်းများအားလုံးကို ကုန်ပစ္စည်းအဝင်ပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ကာ ဆန်ဈေးမှာလည်း မြင့်တက်နေသည်ဟု သိရသည်။
#TachileikNewsAgency
Photo: CJ