မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာ (၂) ခုအား တော်လှန်ရေးအင်အားစုများက လက်နက်ကြီး ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံမှ သိရသည်။

မြင်းမူမြို့နယ် မြောင်-မြင်းမူ-ချောင်းဦး လမ်းဆုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများက ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ၍ ခရီးသွားပြည်သူများအား အတင်းအဓ္ဓမ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်များအား Fixed wings ဒရုန်း (၁၀) စီး ၊ Multi rotor အမျိုးအစား ဒရုန်း ( ၁ ) စီး ၊ စုစုပေါင်း ဒရုန်း (၁၁)စီးဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများဘက်မှလည်း (၆၀) မမ၊ (၄၀) မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှု မရှိခဲ့ဘဲ ၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) နှင့်အတူ စစ်ကိုင်းခရိုင် တပ်ရင်း (၁/၂/၅) ၊ ဒေသတွင်း တော်လှန်ရေး အင်အားစုများ၊ ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျားခင်စိန်အဖွဲ့(‌မြောင်) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃