ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လက်ကျန်စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝန်းရှိ တပ်များကို MNDAA တပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် အင်အား(၂၀၀)ဝန်းကျင် လက်နက်ချလိုက်သည့် ရုပ်သံထွက်ပေါ်နေသည်။
လားရှိုးမြို့တွင် စစ်ကောင်စီတပ် (၂၂)တပ်ရှိရာ MNDAA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် (၈)တပ်ဝန်းကျင်သာ ကျန်ရှိတော့ပြီး ယမန်နေ့တွင် ရမခနယ်မြေရှိ စစ်ဆေးရုံမှ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားကာ ယနေ့တွင်မူ အဆိုပါ စစ်ဆေးရုံမှ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်(၂၀၀)ဝန်းကျင် လက်နက်ချအညံ့ခံသည်ဟု သိရသည်။
”လားရှိုး စစ်ဆေးရုံပေါ့နော် ၉/၁၀၀ ကနေလက်နက်ချတဲ့ဟာ မှန်ပါတယ်။ တပ်ကတော့ ဘယ်တပ်တွေဖြစ်မလဲဆိုတာတော့ မပြောတတ်သေးဘူးပေါ့နော်။ ရမခ တိုင်းစစ်ဌာနချုပ်ထဲက စုပေါင်းစပ်ပေါင်း ညွန့်ပေါင်းတပ်တွေထဲက မိသားစုအပါအဝင် အင်အား(၂၀၀)ပါခင်ဗျ။”ဟု CDM ဗိုလ်ကြီးဇင်ယော်က Tachileik News Agency ကို ပြောသည်။
အဆိုပါသတင်းရုပ်သံနှင့်ပတ်သက်ပြီး လားရှိုးမြို့ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့များအား Tachileik News Agency အနေဖြင့်ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
“ရမခ ဗဟိုကင်းနားအထိ တိုက်ပွဲဖြစ်နေတယ်။ လားရှိုးလေယာဥ်ကွင်းအနောက်ပေါက်မှာ တိုက်ပွဲဖြစ်တယ်။ လေယာဉ်ကွင်းက ရမခနဲ့နီးပြီ။ လားရှိုးကိုတော့ ပြန်ဝင်လို့မရသေးဘူး။ ဟိုယရွာနဲ့ မိုင်းရယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လားရှိုးမြို့ကို MNDAA က အပြည့်အဝထိန်းချုပ်နိုင်ရန် ထိုးစစ်များ ပိုမိုလုပ်ဆောင်လာနေပြီး လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ခုထဲက (၁၀)ခုဝန်းကျင်ကိုလည်း သိမ်းပိုက်ထားကာ မြို့အုပ်ချုပ်ရေးကိုလည်း လုပ်ဆောင်နေပြီ ဖြစ်သည်။
စစ်ကောင်စီ၏ ရမခ ဌာနချုပ်အနီးတွင်ရှိသည့် စစ်ကောင်စီ၏ စစ်ဆေးရုံတွင်တိုက်ပွဲများဖြစ်နေပြီး အမြောက်တပ်၊ ထောက်ပို့တပ်၊ စစ်လက်နက်ပစ္စည်းတပ်နှင့် ဆက်သွယ်ရေးတပ်များမှာလည်း ရမခဌာနချုပ်အနီးတွင်ရှိသည်ဟု သိရသည်။
#TachileikNewsAgency