မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်တိုင်း မုံရွာမြို့နယ် မုံရွာ_ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ခရီးသွားပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ကြောင်း Aera 71 Defense Force မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ခရီးသွားပြည်သူများကို ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Area 71 အဖွဲ့မှ ဇွန်လ (၁၇) ရက်နေ့မှ စတင်ပြီး ယနေ့ ဇွန်လ (၁၉) ရက်နေ့အထိ (၃) ရက်တာ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ (၁၉) ရက်နေ့ မနက် (၈) နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျုစောထီးများကို ပြည်သူအသွင်ယူပြီး ၎င်းတို့ကိုယ်တိုင် အရပ်ဝတ်နှင့် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် မိုင်းရှင်းလင်းနေစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Aera 71 Defense Force မှ ဆိုသည်။

“ကျနော်တို့ စောင့်ကြည့်နေတာ (၃) ရက်ရှိပြီဗျ၊ ပြည်သူကိုမထိခိုက်အောင်ပေါ့ ။ ဒီနေ့ တောပုပျူရွာကထွက်လာပြီး မိုင်းရှင်းနေတုန်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ”ဟု Aera 71 Defense Forceမှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း မိုင်းပွိုင့်ပေါ်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ (၃) ဦး သေဆုံးခဲ့ကြောင်း Aera 71 Defense Force မှ ဆိုသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၆) ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency