မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၂၄ အောက်တိုဘာလ (၂၁)ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တိုက်တွန်းပြောဆိုသည်။
Bloomberg သတင်းဌာန၏ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးထံ လက်ပစ်ဗုံးပစ်ခတ်မှု ဖြစ်စဉ်နှင့် ပက်သက်ပြီး မေးမြန်းမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် ဖောက်ခွဲတိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ရုံးဆောင်အချို့တဝက် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း Mr. Lin Jian ကဆိုသည်။
တရုတ်ဘက်က အဆိုပါတိုက်ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေးပေါ်တုံ့ပြန်မှုယန္တရားကိုစတင်ခဲ့ပြီး လျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။
တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့ လေးနက်စွာအရေးဆိုခဲ့ပြီး မြန်မာဘက်က တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် တိုက်တွန်းထားပြီး ၊ အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
မြန်မာဘက်ကလည်း အဆိုပါကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းဖြစ်ရပြီး လိုအပ်သောအစီအမံများကို လုပ်ဆောင်ပြီးဖြစ်ကာ မြန်မာဘက်က ကတိကဝတ်နှင့် နိုင်ငံတကာ တရားဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေးအဓိကတာဝန်ကို လက်တွေ့ကျကျတာဝန်ယူသွားမည်ဖြစ်ကြောင်း Mr. Lin Jian ကဆိုသည်။
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဒေသတွင်းလုံခြုံရေးအခြေအနေကို ဆက်လက်ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားသည်ဟုလည်း ဆိုသည်။
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရမှလည်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်သည့်လုပ်ရပ်ကို ရှုတ်ချကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန် အသိပေးထားသည်။
#TachileikNewsAgency
Photo: တရုတ်သံရုံး (ပုံဟောင်း)