ရေစကြိုမြို့နယ် ခလရ ၂၅၇ မှ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရေစကြိုမြို့နယ် ခလရ ၂၅၇ မှ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခလရ (၂၅၇) မှ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် ခလရ (၂၅၇) မှ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းသို့ ရိက္ခာလာပို့သည့် အင်အား (၇၀) ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ နံနက် (၆) နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရေစကြိုမြို့နယ်အတွင်း အသင့်စောင့်ဆိုင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရရှိသွားပြီး ထမ်းစဉ်များဖြင့် ခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြိုင်မြို့နယ် လင်းကတော နယ်မြေရဲစခန်းအတွင်းသို့ ရောက်ရှိနေသည်ဟု သတင်းရရှိထားကြောင်း ရေစကြိုမြို့နယ် က အသိပေးထားသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း ရေစကြိုမြို့နယ် ခလရ (၂၅၆) မှ ထွက်လာသည့် အင်အား (၆၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လမ်းတွင် အသင့်စောင့်ဆိုင်း၍ (၂)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ၂၀၂၂ခုနှစ် ဇန်နဝါရီလက လင်းကတောနယ်မြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့စဥ် (ပုံဟောင်း)