မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း Pakokku People Defense Force (PPDF) ထံမှ သိရသည်။
ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်အား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး ပခုက္ကူမြို့ အမှတ် (၁၀၁) ခြေမြန်တပ်မမှ တာဝေးပစ် ဟော်ဝှစ်ဇာများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
“စခန်းက သိမ်းလို့မရခဲ့ဘူး လက်နက်ခဲယမ်းကြောင့်လဲပါတယ်။ နောက်ဆက်တွဲက စုံစမ်းတုန်းဗျ။ စစ်ကြောင်းရောက်နေလို့ အဲ့ဒီဘက်မှာ” ဟု Pakokku People Defense Force (PPDF) မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲပြီးဆုံးချိန်၌ စစ်ကောင်စီဘက်မှ တိုက်ပွဲနှင့်မသက်ဆိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား Pakokku People Defense Force (PPDF)၊ ပခုက္ကူ (ပ.က.ဖ)၊ ပခုက္ကူတပ်ရင်း (၂)၊ တပ်ရင်း (၁၆) ၊ အညာမြေစစ်ဆင်ရေး ၊ RDF ၊ 8+1 ၊ ဒေါင်းစစ်သည်၊ မြိုင် (ပ.က.ဖ) နှင့် နဂါးနီတိုက်ခိုက်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency