ဖောင်းပြင်မြို့နယ် ပုဂံတောင်ရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်

ဖောင်းပြင်မြို့နယ် ပုဂံတောင်ရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁)စစ်ဒေသမှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ် ခမရ (၃၆၇၊ ၃၆၈)နှင့် ပျူစောထီးများ တပ်စွဲထားသည့် စခန်းကို မေလ (၁၃) ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ စခန်းမကျစေရေးအတွက် Mi-2 ရဟတ်ယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့များမှလည်း ၆၀ မမ ဖြင့် ပစ်ကူတိုက်ခိုက်ပေးခဲ့ပြီး ဖောင်းပြင်မြို့ရှိ စစ်ကောင်စီတပ်မှလည်း ပုဂံတောင်ခြေသို့ စစ်ကူလာရောက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အလောင်း (၁၁)လောင်းရရှိပြီး လက်နက်ငယ် (၅)လက်နှင့် ၄၀ မမ ဗုံးသီး (၁၀)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် (၁)ဦး ကျဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၁)စစ်ဒေသမှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် (၁)စစ်ဒေသ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂)၊ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency