မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ ကုက္ကဲစခန်း စစ်ဆေးရေးဂိတ် ၄၀ မမ များဖြင့် ပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား

မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ ကုက္ကဲစခန်း စစ်ဆေးရေးဂိတ် ၄၀ မမ များဖြင့် ပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း မြင်းခြံခရိုင် မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ကုက္ကဲစခန်း စစ်ဆေးရေးဂိတ်အား (၄၀) မမ များဖြင့် ပစ်ခတ်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း Freedom Revolution Force (FRF) အဖွဲ့ထံမှ သိရသည်။

မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ကုက္ကဲစခန်း စစ်ဆေးရေးဂိတ်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၄)နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ (၄၀)မမ (၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် ကုက္ကဲစခန်း အတွင်းသို့ ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ မိနစ် (၂၀) ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် လမ်းသွားလမ်းလာ ပြည်သူများအပေါ် မတရား အခွန်ကောက်ခံနေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း Freedom Revolution Force (FRF) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာပြီးနောက် လိုက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာသာယာကျေးရွာအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Freedom Revolution Force(FRF)၊ Burmese Guerilla Force (BGF)နှင့် Local People Defense Force 35 မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Freedom Revolution Force (ပုံဟောင်း)