တောင်သာမြို့နယ် ဇရက်ကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်

တောင်သာမြို့နယ် ဇရက်ကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဇရက်ကြီးရွာသို့ အင်အား (၁၅၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်တာ တိုက်ပွဲဖြစ်ပွားကြောင်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၇) နာရီနှင့် ညနေ (၄) နာရီခန့်တွင် တောင်သာမြို့နယ် ဇရက်ကြီးရွာသို့ အင်အား (၁၅၀) ခန့်ဖြင့် လက်နက်ကြီးများပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ (၁၆ ) ရက်နေ့မှ (၁၈)ရက်နေ့အထိ (၃)ရက်တာ ကာလအတွင်း ဇရက်ကြီးရွာနှင့် အနီးတဝိုက်တွင် မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှလည်း ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဆေးသုံးထားသည့် တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး ၎င်းတို့အတင်းဇွတ်တိုးချီတက်လာချိန်တွင် အသင့်ထောင်ထားသည့် မိုင်း (၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

ဇူလိုင်လ (၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ဇရပ်ကြီးရွာမှ တောင်သာမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့ပြီး ၆၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇရပ်ကြီးရွာ လေးရက်တာတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်ထိတွေ့တိုက်ခိုက်မှု (၃)ကြိမ်၊ လေကြောင်းမှ ဒရုန်းဖြင့် (၄)ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို တောင်သာမြို့နယ် ပကဖ/ပလဖ၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃/၈/၉/၊ မလှိုင် ပကဖ နှင့် နွားထိုးကြီး ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency