မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်သူ ၃ ဦးကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းမိ

မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်သူ ၃ ဦးကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းမိ

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်းက လက်နက်ကိုင်ကာ ဓားပြတိုက်ခဲ့ကြသူများထဲမှ (၃)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ဆိုင်ရှင်၏ လုံခြုံရေးအခြေအနေကြောင့် မည်သည်ရွှေဆိုင်ဖြစ်ကြောင်းနှင့် မည်သို့ဖမ်းဆီးရမိသည်ကိုမူ ထုတ်ဖော်ပြောကြားလိုခြင်းမရှိသေးဟု ဆိုသည်။

“ဆိုင်ကနေထုတ်ပြန်ထားတဲ့ CCTV မှတ်တမ်းကတစ်ဆင့် ကျွန်တော်တို့တွေ မြို့တွင်း၊ မြို့ပြင်ရဲ့ အဆက်အသွယ်တွေကနေ လိုက်လံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။”ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က Tachileik News Agency ကိုပြောသည်။

အမှုဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ (၃)ဦးကို လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ဆက်တွဲ ပါဝင်ပတ်သက်သူများကိုလည်း အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။ 

“နောက်ဆက်တွဲ ဆက်စပ်တရားခံတွေ ကျန်ရှိပါသေးတယ်။ လက်ရှိထိန်းသိမ်းပြီးတာ (၃)ဦးပါ။”ဟု ၎င်းက ဆက်ပြောသည်။

Tachileik News Agency က ဆက်လက်မေးမြန်းသည့် တိုက်ရာပါပစ္စည်းများကို မည်သို့စီစဉ်ထားသည်ဆိုသည့်မေးခွန်းအား “ဒီမေးခွန်းကို လက်ရှိဖြေဆိုနိုင်ဖို့အတွက် နစ်နာသူတွေရဲ့ လုံခြုံရေးအခြေအနေကြောင့် မဖြေဆိုနိုင်သေးပါဘူးခင်ဗျာ။ ဒီဆိုင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နစ်နာသူတွေရဲ့ လုံခြုံရေးအခြေ အနေစိုးရိမ်ရလို့ပါ။”ဟု ပြန်လည်ဖြေကြားသည်။

ဖြစ်စဉ်အတွင်း စုံစမ်းစစ်ဆေးမှုများ၊ ကျူးလွန်သည့်တရားခံများအား ဖမ်းဆီးထိန်းသိမ်းမှုများအား မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကနဦး ဖမ်းဆီးထိန်းသိမ်းထားသူများ၏ ထွက်ဆိုချက်များအရ နောက်ကွယ်တွင်ပါဝင်ပက်သက်သူများ ကျန်ရှိနေသေး၍ အဆိုပါ ဆက်စပ်တရားခံများအားလည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရ သည်။



 

မုံရွာမြို့တွင် စက်တင်ဘာလအတွင်း ဓားပြတိုက်မှု နှစ်မှု ရှိခဲ့ပြီး တစ်မှုမှာ စက်တင်ဘာလ(၁၁)ရက်နေ့က ဗိုလ်ချုပ်လမ်းရှိ သိန်းတရာရွှေဆိုင်ကို အမျိုးသား(၄)ဦးက ဓားပြတိုက်ရာ လက်ဝတ်ရတနာမျိုးစုံ ရွှေပိဿာချိန်(၁၀)ပါသွားသည့်အမှုနှင့် မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ်(၁)ရှိ နဝရတ်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို စက်တင်ဘာလ (၂၆)ရက်နေ့က လူငယ်အမျိုးသမီး(၂)ဦးနှင့် အမျိုးသား (၃)ဦးတို့ကဝင်ရောက် ဓားပြတိုက်ကာ ဖုန်း(၅)လုံး၊ လက်တောပ့်တစ်လုံး၊ စိန်၊ ရွှေ၊ ပလက်တီနမ်အတွင်းပစ္စည်းအားလုံး ယူဆောင်သွားသည့် အမှုတို့ဖြစ်သည်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး ပြည်သူလူထုအား ထိခိုက်နစ်နာစေသည့်လုပ်ရပ်များအား တတ်စွမ်းသ၍ တားဆီးကာကွယ်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့