ဒီချုပ်အစိုးရလက်ထက်က ဇေယျကျော်ထင်ဘွဲ့ရ ဗိုလ်ချုပ်ကိုလေး ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာ

ဒီချုပ်အစိုးရလက်ထက်က ဇေယျကျော်ထင်ဘွဲ့ရ ဗိုလ်ချုပ်ကိုလေး ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာ
မေ 28, 2024 | 2021 Military Coup

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်ဆေးခံနေရသည့် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၏နေရာကို အစားထိုးလိုက်ကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၈)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လာသည်။

အစားထိုးခံရသူမှာ ဒီချုပ်ပါတီအစိုးရက ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော ဇေယျကျော်ထင်ဘွဲ့ရရှိခဲ့သူ ဗိုလ်ချုပ် ကိုလေး ဆိုသူဖြစ်သည်။

ဗိုလ်ချုပ် ကိုလေးသည် ယခင်က တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရာထူးဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ်(၂၇)ဆင်းဖြစ်ကာ ၎င်း၏ ဇနီးမှာ ဒေါ်လေးပိုဖြစ်သည်။

လက်ရှိခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကိုလေးသည် ဒုချုပ်စိုးဝင်း၏ ယုံကြည်ရသူဟုလည်း တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောဆိုသည်။

စစ်ကောင်စီက ဖြုတ်လိုက်သည့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းသည် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား လုံထန်အုပ်စုက တာကထန်တပ်မ၌ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးအနေဖြင့် တာဝန်ယူခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာသူဖြစ်သည်။  

ထို့နောက် ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနှင့် သက်ဆိုင်သူဟုဆိုကာ စစ်ကောင်စီက ၂၀၂၄ ခုနှစ်မတ်လတွင် ဖမ်းဆီးခဲ့သည်။ 

ဗိုလ်ချုပ်အောင်လင်းထွန်းအား ဖမ်းဆီးစစ်ဆေးပြီးနောက် နေပြည်တော်စစ်ခုံရုံးက ထောင်ဒဏ်(၁၀)နှစ်ချမှတ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင်လည်း တာဝန်ယူထားပြီး ကာကွယ်ရေးဒုဝန်ကြီးမဖြစ်ခင်က တပ်မ(၂၂)တပ်မမှူး၊ ဒုစစ်ထောက်ချုပ် ရာထူးများ ရယူခဲ့သည်။

#TachileikNewsAgency