ရခိုင်ပြည်နယ် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် နေဗီမှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဒေသခံ ကလေးမိခင်တစ်ဦးအပါ (၂)သေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ကနဦးသတင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆင်ခေါင်းရွာ မော်ဖျားကို ဗုံးကြဲရာ တိုက်တစ်လုံး ပြိုကျပြီး ကလေးမိခင် မဟေမာန်ဦး
လည်ပင်း ဗုံးစထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
"နေဗီကနေပစ်တာ။ နှစ်ဦးသေတယ်။ ဒဏ်ရာရသူများတယ်။ သေဆုံးစာရင်းထပ်တိုးလာနိုင်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဖုန်းလိုင်းများဖြတ်တောက်ခံထားရသဖြင့် အသေးစိတ် အချက်အလက်ကို Tachileik News Agency အနေဖြင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။
"ဒဏ်ရာရတာ (၄)ဦးလောက်ရှိတယ်။ မော်ဖျား ပုဇွန်ဒိုင်နားကိုကျတာ။ မနက်ကလည်း လေယာဉ်နဲ့ ဗုံးလာကြဲသေးတယ်။ အဲဒါတော့ ထိခိုက်မှုမရှိဘူး။"ဟု ဒေသခံတစ်ဦးကပြောသည်။
သံတွဲ-တောင်ကုတ်လမ်းရှိ ရွှေလှေတိုက်နယ်တွင် ပြီးခဲ့သည့်မေလ (၁၃)ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက ဆင်ခေါင်း-သံတွဲသွား ရေလမ်းကြောင်းကို ပိတ်ထားခြင်းဖြစ်သည်။
ဆင်ခေါင်းရွာနှင့် လက်ရှိတိုက်ပွဲဖြစ်နေသည့် ဂေါ့ကျေးရွာမှာ (၃)မိုင်ခန့်ဝေးပြီး ဂေါ့တိုက်ပွဲတွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် တစ်ညလုံး ဗုံးကြဲကြောင်း သိရသည်။
#TachileikNewsAgency