ကျိုက်ထိုတွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်

ကျိုက်ထိုတွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ရွာရှိ အင်္ဂပိုတာဝါတိုင်အနီးတွင် စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၃)ဦးသေကာ (၂)ဦးမှာ သေနတ်များယူဆောင်၍ ထွက်ပြေးလွတ်မြောက်နေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အင်္ဂပိုတာဝါတိုင်အနီးတွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့ ညပိုင်းက  စစ်ကောင်စီတပ်သားများ အရက်ထိုင်သောက်နေရာက စကားများပြီး အချင်းအချင်းပစ်ခတ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ညကဖြစ်ကြတာ။ သူတို့အချင်းချင်း တာဝါတိုင်နားမှာဖြစ်တာ။ မုပ္ပလင်-အင်္ဂပိုတာဝါတိုင်ပေါ့။ အဲဒီနားမှာဖြစ်တာ။ စစ်ကောင်စီတပ်သား အလောင်း(၃)လောင်း ပြန်သယ်လာတာကိုတွေ့တယ်။ (၂၀၇) တပ်ထဲကို။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်၏ ခမရ(၂၀၇)တပ်သည် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အထွက်တွင်ရှိသည်။ 

“ပစ်တဲ့နှစ်ယောက်ကတော့ သေနတ်ယူပြီးထွက်ပြေးသွားလို့ အခုသူတို့ အင်အား(၅၀)လောက်နဲ့ လိုက်ရှာနေတယ်။ အဲဒီနှစ်ယောက်ကို။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတာဝါတိုင်သည် အင်္ဂပိုနှင့်နီးပြီး စစ်ကောင်စီတပ်သားများသည် မကြာခဏကင်းပုန်းဝပ်လေ့ရှိသည်ဟုလည်းသိရပြီး ပစ်ခတ်မှုဖြစ်စဉ်မှာလည်း မှန်ကန်သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ 

ကျိုက်ထိုတော်လှန်ရေးအင်အားစုကလည်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦးသေပြီး ကျန်တစ်ဦးမှာ လက်နက်များ ယူဆောင်ထွက်ပြေးသည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:Internet (ပုံဟောင်း)