တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း တပ်စခန်းများကို တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုခံနေရသည့် စစ်ကောင်စီက တိုက်ပွဲမရှိသည့် ကျေးရွာများကိုပါ လေကြောင်းမှ ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း သိန္ဒောရွာရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီလ (၂၃)ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က မေလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းအပြင် တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ ကောင်စီတပ်၏ ပွိင့် ၁၀၂၀ တောင်ကုန်း အခြေစိုက်စခန်းကိုလည်း ဧပြီလ (၃၀)ရက်နေ့မှစ၍ ပူးပေါင်းစစ်ကြောင်းဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့် စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Black Cobra Column က မေလ(၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဧပြီလ(၂၃)ရက်နေ့မှ မေလ(၈)ရက်နေ့အထိဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ (၂၀)ထက်မနည်း သေဆုံးမည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)က ခန့််မှန်းထားသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထွက်ပြေးမှုများရှိသည့်အပြင် လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
တပ်စခန်းများ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ရဟတ်ယာဥ်နှင့် တိုက်လေယာဥ်များပါအသုံးပြု၍ ခုခံတိုက်ခိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်သည့် အေးသာယာကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ငနိုးရုံးကျေးရွာများကို မေလ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။