ကော့ကရိတ်မြို့နယ်အတွင်း အောင်ဇေယျ စစ်ကြောင်းမှ ပစ်ခတ်သည့် အတွဲလိုက် မစ်ဇိုင်းဒုန်းများကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်မြို့နယ်အတွင်း အောင်ဇေယျ စစ်ကြောင်းမှ ပစ်ခတ်သည့် အတွဲလိုက် မစ်ဇိုင်းဒုန်းများကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာအတွင်း အောင်ဇေယျစစ်ကြောင်းမှ ပစ်ခတ်သည့် အတွဲလိုက်မစ်ဇိုင်းဒုန်းများ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်များအပါအဝင် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟို၏ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာအတွင်း ဇူလိုင်လ (၉)ရက်နေ့ မနက် (၁၁)နာရီဝန်းကျင်၌ အောင်ဇေယျ စစ်ကြောင်းမှ ပစ်လိုက်သော အတွဲလိုက် မစ်ဇိုင်းဒုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ နေအိမ် (၁၂)လုံး ၊ ကားတစ်ချို့ နှင့် အိမ်သုံးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကာ ထီးမူထရွာတွင်နေထိုင်သည့် အသက် (၁၁) နှစ်နှင့် အသက် (၅)နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် ဒေသခံတစ်ဦး စုစုပေါင်း (၃)ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၅)ရက်နေ့တွင် KNLA ဗဟိုဌာနချုပ်မှ ဒေါနတောင်ပေါ်သို့ ရောက်ရှိနေသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သားများအား လက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်ထားပြီး ဆက်လက်၍ အောင်ဇေယျစစ်ကြောင်းအား ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အစွမ်းကုန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ခဲ့သည့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီလ ဒုတိယအပတ်တွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကိုယ်တိုင်ဦးစီးကွပ်ကွဲကာ အောင်ဇေယျစစ်ဆင်ရေးကိုစတင်ခဲ့ပြီး အချိန် (၃)လခန့် ကြာမြင့်သည်အထိ ဒေါနတောင်ကို ကျော်ဖြတ်နိုင်ခြင်းမရှိသေးဘဲ ထိခိုက်ကျဆုံးမှုများပြားလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU