ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်မရဘဲ အကျဉ်းထောင်အတွင်း ခွဲခြားဆက်ဆံခံနေရ

ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်မရဘဲ အကျဉ်းထောင်အတွင်း ခွဲခြားဆက်ဆံခံနေရ

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်မရဘဲ အကျဉ်းထောင်တွင်း ခွဲခြားဆက်ဆံခံနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

ရွှေဘိုအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား မိသားစုဝင်များနှင့် ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့မှစ၍ ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးကြောင်း သိရသည်။ 

အကျဉ်းထောင်များအတွင်း ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက စစ်အုပ်စုမှ ခွင့်ပြုခဲ့သည်ဟုဆိုသော်လည်း ယခုအချိန်အထိ ရွှေဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိကြသေးကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် အခြားရာဇဝတ်မှုအကျဉ်းသားများကို မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ဧည့်တွေ့ခွင့်ပိတ်ပင်မှုကို ပြုလုပ်ရန် ရွှေဘိုမြို့ရှိ တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်မှ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေဘိုအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေက တော်လှန်ရေးကိစ္စတွေနဲ့ရော နိုင်ငံရေးကိစ္စတွေနဲ့ရော ဖမ်းဆီးခံထားရတာဖြစ်တယ်။ အဲ့အတွက် လုံခြုံရေးအရပေါ့နော် ၊ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့တွေ့ခွင့် မပြုတဲ့ပုံစံမျိုး နှုတ်မိန့်နဲ့ ပေးထားတာကိုတော့ ကျနော်တို့ ရရှိထားပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

မိသားစုဝင်များမှ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသဖြင့် အကျဉ်းဦးစီးဌာနမှ စာရွက်စာတမ်း တောင်းဆိုမှုများသာ ပြုလုပ်ခဲ့ပြီး အချက်အလက်မပြည့်စုံသည့် မိသားစုဝင်များ၊ ဧည့်တွေ့ခွင့်မရသည့် မိသားစုဝင်များစွာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ဒါဟာ လုံး၀ မဖြစ်သင့်တဲ့ ကိစ္စတခုဖြစ်ပြီးတော့၊ အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ခွဲခြားဆက်ဆံခံနေရတယ် ၊ အကျဉ်းသားခြင်း အတူတူ နိုင်ငံရေးအကျဉ်းသားတွေဟာ အခွင့်အရေး ချိုးဖောက်ခံနေတယ် ၊ ဒီဟာကို ကျနော်တို့ ပြည်သူတွေကို သိစေချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency