ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ် ရဲစခန်းမှ ကင်းပတ်ရန်ထွက်လာသည့် ရဲတပ်ဖွဲ့ဝင် (၉)ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တဦးသေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ တပ်ခွဲ (၂) Phoenix D F အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တောင်ညိုကွက်သစ် ရဲစခန်းမှ ဒုရဲအုပ်ဖြိုးဝေလင်းနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၈)ဦးတို့ ဆိုင်ကယ် (၅)စီးဖြင့် ကင်းပတ်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ ည (၇)နာရီကျော်တွင် အောင်ရတနာရပ်ကွက်အတွင်း ဝင်ရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တောင်ညိုတိုက်နယ် ဆေးရုံမှ ပြည်ဆေးရုံသို့ လွှဲပြောင်းခဲ့ကာ ၊ နောက်ဆက်တွဲ သတင်းများအရ ရဲတပ်ဖွဲ့ဝင် (၁)ဦး သေဆုံး၍ ကျန် (၂)ဦးမှာ ပြည်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေသည်ဟု သတင်းရရှိကြောင်း Phoenix D F အဖွဲ့က ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ စစ်တပ်၊ ရဲနှင့် ပျူစောထီး အင်အား (၁၀၀)ခန့် ရောက်ရှိလာခဲ့ပြီး ပြည်သူ (၆)ဦးအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ယခုအချိန်အထိ ပြည်သူ (၃)ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သာယာဝတီခရိုင် တပ်ရင်း -၃၈၀၁ တပ်ခွဲ (၂) Phoenix D F အဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency
Photo:Phoenix D F(ပုံဟောင်း)