ပျူစောထီးသားမက်လောင်း ဗိုလ်မှူးတစ်ဦး ပင်လယ်ဘူးတိုက်ပွဲတွင် ဆီးခုံကျည်မှန်ကာ သေဆုံး

ပျူစောထီးသားမက်လောင်း ဗိုလ်မှူးတစ်ဦး ပင်လယ်ဘူးတိုက်ပွဲတွင် ဆီးခုံကျည်မှန်ကာ သေဆုံး
စက်တင်ဘာ 28, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သို့ စစ်ကူသွားသည့် ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းမှ ပျူစောထီးခေါင်းဆောင်၏ သားမက်လောင်း ဗိုလ်မှူးခန့်မင်းကို တိုက်ပွဲတွင် သေဆုံးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ဂန့်ဂေါမြို့မှ Mi-17 ထောက်ပို့ရဟတ်ယာဉ် (၂)စီးဖြင့် ပင်လယ်ဘူးမြို့သို့ စစ်ကူရောက်လာခဲ့သည့် ခလရ (၅၀)မှ ဗိုလ်မှူးခန့်မင်းကို ဆီးခုံကျည်မှန်ကာ သေဆုံးသွားကြောင်း သိရသည်။

စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားများအနက် ဂန့်ဂေါမြို့ ပျူစောထီးခေါင်းဆောင် ဂန့်ဂေါမြို့ပေါ်ရှိ ပြည်သူများအား ဖမ်း‌ဆီးသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်းများပြုလုပ်ခဲ့သော P2 ဖိုးဇော်၏ သားမက်လောင်း ဗိုလ်မှူး ခန့်မင်းကို ဆိုသူ စစ်ကူပါသွားရာကာ စက်တင်ဘာလ (၂၇)ရက်နေ့တွင် တိုက်ပွဲအတွင်း ဆီးခုံကျည်ထိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

ဗိုလ်မှူးခန့်မင်းကို၏ နာရေးအား ဂန့်ဂေါမြို့ ခလရ(၅၀)အတွင်း ယနေ့ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပင်လယ်ဘူးမြို့သို့ စစ်ကူပို့ရန် ခလရ(၅၀)သို့ ရဟတ်ယာဉ်ဆင်းသက်ချိန်တွင် မိသားစုဝင်များအား အခန်းထဲ၌ နေခိုင်းပြီး တံခါးများအားလုံးပိတ်ထားကာ စစ်ကောင်စီတပ်သားများအား မည်သည့်နေရာသို့ပို့မည်ကို အသိပေးခဲ့ဘဲ စက်တင်ဘာလ(၂၆)ရက်နေ့ ပင်လယ်ဘူးသို့ရောက်မှသာ ဖုန်းအဆက်အသွယ်ရပြီးသိခဲ့ရကြောင်း သိရသည်။

“(၂၂)ရက်နေ့ကလာခေါ်တော့ တပ်ရင်းမှူး‌၊ ဒုတပ်ရင်းမှူးအပါအဝင် စခအင်အား(၅၀)လောက်ပါသွားတယ်။ လာခေါ်တဲ့နေ့က တပ်မိသားစုဝင်တွေကို အိမ်ထဲဝင်ခိုင်းပြီး တံခါးတွေပါ ပိတ်ခိုင်းထားတာ။ ဘယ်သွားရမယ်ဆိုတာလဲမသိရဘူး။ ဒီနေ့တော့ မင်းခန့်ကို ကျပြီဆိုပြီး သတင်းဝင်လာတယ်။ ကျန်တဲ့ စခတွေလည်း အကျများတယ်လို့တော့ ကြားရတယ်။ ဒါမဲ့ အခြေနေအသေးစိတ်တော့မသိရသေးဘူးဗျ။”ဟု တပ်တွင်းသတင်းအရင်းအမြစ်ကပြောကြောင်း ယောအလင်းတန်းက ဖော်ပြသည်။ 

လက်ရှိတွင် ဂန့်ဂေါမြို့ ခလရ(၅၀)အတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများမရှိဘဲ ဗျူဟာမှူးဖြစ်သူကသာ တပ်ကို အုပ်ချုပ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: ယောအလင်းတန်း