စစ်ကိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ)တွင် အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ဘက်က (၃)ဦး ကျဆုံးပြီး ခရီးသည်တစ်ဦး သေဆုံးခဲ့ရ

စစ်ကိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ)တွင် အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ဘက်က (၃)ဦး ကျဆုံးပြီး ခရီးသည်တစ်ဦး သေဆုံးခဲ့ရ
သြဂုတ် 17, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းမြို့ရှိ  ဧရာဝတီတံတား(ရတနာပုံ) ခေါ်  စစ်ကိုင်းတံတားပေါ်တွင် ယနေ့ သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၈)နာရီ (၁၅)မိနစ်အချိန်က အာဏာသိမ်းစစ်အုပ်စုအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး PDF ဘက်က (၃)ဦး ကျဆုံးကာ အာဏာသိမ်းစစ်အုပ်စုဘက်က (၂)ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

သတင်းပေးချက်အရ အာဏာသိမ်းစစ်အုပ်စုက နံနက်(၈)နာရီ (၁၅)မိနစ်အချိန်တွင် ရတနာပုံတံတားအဆင်း ဘီးခွန်ကောက်သည့်နေရာသို့ ရောက်ရှိလာသည့် ခရီးသည်တင်ယာဉ်အား စစ်ဆေးရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က (၃)ဦး ကျဆုံးသည့်အပြင် ခရီးသည်ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း နှင့် အာဏာသိမ်းစစ်အုပ်စုဘက်က (၂)ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့၏ ပစ္စတို သေနတ်(၃)လက် နှင့် ကားအတွင်း ငါးပိထည့်သည့် ကတ်ပုံးအတွင်းထဲက တူရကီနိုင်ငံထုတ် Panzer အမျိုးအစား သေနတ်(၃)လက် နှင့် ကျည်များ သိမ်းဆည်းရရှိသည်ဟု အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်အဖွဲ့က ပြောဆိုထားသည်။

ပစ်ခတ်မှုကြောင့် တံတားပေါ် ဖြတ်သန်းမှုကို ယာယီပိတ်ထားလိုက်ကြောင်းလည်း သိရသည်။

#TachileikNewsAgency