လေယာဥ်ဗုံးသီးများ ထုတ်လုပ်သော မကွေးတိုင်း ဆိတ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် (၂၁)ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ ညနေပိုင်းတွင် (၁၀၇)မမ ရှော့တိုက်ဒုံး (၈)လုံးဖြင့် တိုက်ခိုက်သည်ဟု Brave Warriors for Myanmar (BWM)ထံမှ သိရသည်။
စစ်ကောင်စီ၏ ကပစ (၂၁)သည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်တွင် တည်ရှိပြီး စစ်ကောင်စီ၏ လေတပ်က နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် (၂၅၀)၊ ပေါင်(၅၀၀)ဗုံးသီးများ၊ Cluster ဗုံးသီးများ အပါအဝင် တိုက်လေယာဥ်သုံး ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။
ထို့ကြောင့် BWM နှင့် မဟာမိတ်အဖွဲ့များက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ BWM Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကပစ (၂၁)တိုက်ခိုက်မှု မစ်ရှင်အတွင်း စစ်ကောင်စီ၏ ကပစ (၂၁) ဗုံးသီးထုတ်စက်ရုံအတွင်း ထိခိုက်မှုရှိသည်ဟု သိရသည်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့ ၊ No More Dictatorship-NMD အဖွဲ့၊Shadow (Mandalay)အဖွဲ့နှင့် ဒေသခံ တော်လှန်ရေးရဲဘော်အင်အားစုများ ပူးပေါင်းတိုက်ခိုက်သည်ဟု သိရသည်။
#TachileikNewsAgency