ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် အများပြား သေဆုံးဒဏ်ရာရ

ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် အများပြား သေဆုံးဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ရွာရှိ ဆေးရုံအား စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ၂၀၂၄ခုနှစ် မေလ (၁၅)ရက်နေ့ နံနက် (၀၀)နာရီ (၁၆)မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား သေဆုံးဒဏ်ရာရကြောင်း ယနေ့ နေ့လယ်ပိုင်းတွင် AAက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေတပ်၏ ဝဲကြီးထောင့်‌ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သားပြည်သူ (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၅)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူများလည်း ရှိခဲ့ပြီး မည်မျှသေဆုံးသည်ကိုမူ ဖော်ပြထားခြင်း မရှိပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် စစ်ကောင်စီတပ်က ရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံနှင့် ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်ကြောင်း AAက ထည့်သွင်း ဖော်ပြထားသည်။

လူသားအားလုံးသည် ကျန်းမာရေးဆိုင်ရာကုသမှုအထောက်အကူရပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၅)တွင် သတ်မှတ်ဖေါ်ပြထားပြီး စစ်ပွဲများအတွင်း သို့မဟုတ် ပဋိပက္ခကာလအတွင်း ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်း မလုပ်ဆောင်ရဟု ဂျနီဗာကွန်ဗင်းရှင်းတွင် အတိအလင်းဖေါ်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်သည်ဟု AAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk