စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်အတွင်း ဆန္ဒပြမှုကို အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ကာ အကြမ်းဖက်ဖိနှိပ်မှုကြောင့် DRPA မြို့ပြောက်ကျားရဲဘော်များက စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားတစ်စီးကို ည(၇)နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ မြို့ပတ်လမ်းမီးပွိုင့် (ကားကွင်းမြောက်ဘက် အနီးဆုံးမီးပွိုင့်)၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းခွဲတိုက်ခိုက်သည့် DRPA ၏ မြို့ပြပြောက်ကျားရဲဘော်များကို ကားဖြင့်တိုက်ဖမ်းရန် ကြိုးစားခဲ့သော်လည်း လက်မတင်လေး လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ ညနေပိုင်းက မုံရွာထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်ဆန္ဒပြခဲ့ကြသဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်သားများ ဝင်ရောက်ကာ အကြမ်းဖက်နှိမ်နှင်းမှုများ လုပ်ဆောင်သည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များက ချက်ချင်းတန်ပြန် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဖောက်ခွဲမှုများကို ဗိုလ်တေဇလမ်း၊ အောင်သပြေလမ်း၊ မကျည်းအုပ်ကျောင်းအနီး၊ အမှတ်(၂)ရဲစခန်းအနီး၊ ရေကူကန်လမ်း၊ ဘိုးဘွားရိပ်သာအနီးတို့တွင် ဖောက်ခွဲမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မုံရွာအကျဥ်းထောင်ဖြစ်စဥ်တွင် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်ဟု Monywa Roads Information (MRI)က ထုတ်ပြန်ထားပြီး Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပေ။