ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ပညာရေးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းပေါင်း (၂၃၃) ကျောင်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်မှ ၂၀၂၄ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ မျှဝေခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KIO ပညာရေးဌာန၏ လက်အောက်၌ ဆရာ၊ဆရာမ (၂၆၇၉)ဦး၊ ပညာရေးဝန်ထမ်း (၄၁၅) ဦးတို့ဖြင့် လည်ပတ်နေသည့် ကျောင်းပေါင်း (၂၁၅) ကျောင်းရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းပေါင်း (၂၃၃) ကျောင်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် စုစုပေါင်း ကျောင်းပေါင်း (၄၄၈)ကျောင်း ရှိလာမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမှ ဆိုသည်။
KIO အုပ်ချုပ်မှုဒေသအတွင်း၌ ပုဂ္ဂလိကကျောင်းဖွင့်ခွင့်ကို ၂၀၁၀ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် တရားဝင် ရုံးအမိန့်ထုတ်ပြန်ခွင့်ပြုခဲ့ပြီး ကချင်မဟုတ်သည့် တခြားတိုင်းရင်းသားလူမျိုးများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရသည်။
KIO ပညာရေးဌာနလက်အောက်တွင် Basic Education Common Curriculum Framework ရေးဆွဲပြီးစီးထားပြီး မိခင်ဘာသာစကား၊ စာပေနှင့်အစပြုသင်ကြားမည့် စနစ်ထည့်သွင်းပြဌာန်းထားကာ KG မှ Grade 12 အထိ [၆-၃-၃] စနစ်နှင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း အဆင့်မြင့်ပညာရေးကျောင်းများလည်း ဖွင့်လှစ်ထားပြီး KIO ပညာရေးဌာနမှဖွင့်လှစ်ထားသည့် ကျောင်းများအဖြစ် ဆရာအတတ်သင်ကောလိပ် (မိုင်ဂျာယန်)၊ မိုင်ဂျာယန် ကောလိပ် ၊ အုပ်ချုပ်ရေးအရာရှိ သင်တန်းကျောင်း၊ စိုက်ပျိုး မွေးမြူရေး ဒီပလိုမာကျောင်း ၊ သူနာပြုသင်တန်းကျောင်း နှင့် ဗိုလ်သင်တန်းကျောင်းတို့ရှိပြီး KIO ပညာရေးဌာနမှ ဖွင့်လှစ်ထားခြင်းမဟုတ်သည့် ကျောင်းများအဖြစ် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCO)၊ Federal Law Academy၊ Institute of Liberal Arts and Sciences(Mai Ja Yang)တို့ ရှိနေကြောင်း သိရသည်။
၁၉၆၇ ခုနှစ်မှစတင်၍ KIO ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး KIO ၏ ပညာရေးဌာနကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ကာ ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့်စည်းမျဉ်း၌ “ကျောင်းဝင်းနှင့်ကျောင်းအတွင်း KIO ၏ အစည်းအဝေးများအပါအဝင် ပညာရေးနှင့်မသက်ဆိုင်သည့် အစည်းအဝေးများပြုလုပ်လိုပါက ကျောင်းအုပ်၏ ခွင့်ပြုချက်ရရှိမှသာပြုလုပ်ရမည်ဖြစ်ပြီး ၊ စာသင်ချိန်အတွင်း မပြုလုပ်ရ”ဟု ပါရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမှ ဆိုသည်။
ဆက်လက်၍ နေရာအသီးသီးမှ ကျောင်းသားများ မိမိတို့စိတ်တိုင်းကြ ကျောင်းရွေးချယ်ခွင့် ရရှိစေရန် နှင့် ကျောင်းများအားလုံး စစ်ဘေးဒဏ်မှ ကင်းလွတ်နိုင်ပါစေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်မှ ဆုတောင်းချက် (၂) ရပ်အနေဖြင့် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
#TachileikNewsAgency