တိုက်ပွဲဖြစ်နေသည့် လားရှိုးမြို့ အောင်မင်္ဂလာဈေး ဖောက်ထွင်းခံရကာ သိန်းထောင်ချီဆုံးရှုံးနိုင်

တိုက်ပွဲဖြစ်နေသည့် လားရှိုးမြို့ အောင်မင်္ဂလာဈေး ဖောက်ထွင်းခံရကာ သိန်းထောင်ချီဆုံးရှုံးနိုင်
ဇူလိုင် 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသည့် လားရှိုးမြို့ ရပ်ကွက်(၅)ရှိ အောင်မင်္ဂလာဈေးကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းက ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူခံရခြင်းကြောင့် ဆိုင်ပိုင်ရှင်များ ငွေကျပ်သိန်းထောင်ချီပြီး ဆုံးရှုံးနိုင်ကြောင်း ဒေသခံ ဈေးဆိုင်ပိုင်ရှင်များထံမှ သိရသည်။

တိုက်ပွဲများကြောင့် ဒေသခံများ ပစ္စည်းများကို ပြောင်းရွှေ့နိုင်ခြင်းမရှိဘဲ တိမ်းရှောင်နေရစဉ် လူတစ်စုက လာရောက်ခိုးယူနေကြခြင်းဖြစ်ပြီး ဈေးစောင့်များလည်း အင်အားမမျှသဖြင့် ပြန်လည်ခုခံနိုင်ခြင်းမရှိဟု ဆိုသည်။

“ရပ်ကွက်တွေအထိ တိုက်ပွဲပြင်းထန်လာလိမ့်မယ်မထင်တော့ ဘာပစ္စည်းမှမရွှေ့ပြောင်းလိုက်ရဘူး။ ဈေးစောင့်နှစ်ဦးလည်း ခိုးတဲ့လူတစ်စုကို ပြန်မခုခံနိုင်တော့ ဘာမှလုပ်လို့မရဘူး။ အိမ်မှာရှိတဲ့လူတွေကိုလည်း MNDAA တပ်က အပြင်ပေးမထွက်ဘူး။”ဟု ဒေသခံ ဆိုင်ပိုင်ရှင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့တွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့သည် ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)ဘက်တို့၌ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး၊ လက်ငယ်ပစ်ခတ်သံများ ဆူညံနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲက မြို့တွင်းထဲမှာဖြစ်နေတာ။ အခြေအနေက မကောင်းဘူး။ ဒေသခံတွေကလည်း ထွက်ပြေးနေရချိန် သူခိုးတွေကလည်း နေ့လယ်ကြီးကိုခိုးတာ။ သွားကြည့်လို့လည်းမရတော့ တော်တော်တော့ ဆုံးရှုံးမယ်ထင်တယ်။ “ဟု ဒေသခံ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဒေသခံဆိုင်ပိုင်ရှင်တချို့ကမူ ဆိုင်အတွင်းပစ္စည်းများကို နေအိမ်သို့ပြန်သယ်ယူထားပြီးနောက် လူများမှာ တိမ်းရှောင်နေကြသည်များလည်းရှိနေကာ တချို့မှာလည်း နေအိမ်အတွင်း ကျန်ရစ်ခဲ့သူများအား အဆက်အသွယ် မရဖြစ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ