သင်္ဃန်းကျွန်းမြို့နယ်တွင် ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန်

သင်္ဃန်းကျွန်းမြို့နယ်တွင် ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီရေတပ်မှ အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးပြုလုပ်ရာက ကျည်ထွက်ပြီး မယားငယ်၏ မေးစေ့ကို ထိမှန်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဆ/ကရပ်ကွက် သမာဓိ (၂)လမ်းနှင့် (၃)လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီရေတပ်မှ အရာရှိတစ်ဦးသည် မယားငယ်အိမ်သို့ လာရောက်ပြီးနောက် ည(၇)နာရီဝန်းကျင်တွင် သေနတ်မှ ကျည်ထွက်ပြီး မယားငယ်၏ မေးစေ့ကို ကျည်ရှပ်မှန် ဒဏ်ရာရသည်ဟု သိရသည်။

“မိန်းမက မသေဘူး။ စံပြဆေးရုံကို ချက်ချင်းပို့လိုက်လို့။ ရေတပ်အရာရှိဆိုသူကိုတော့ စစ်ကောင်စီတပ်က လာခေါ်သွားပြီး ပြန်ပို့တယ်။ သူတို့က လင်မယားမဟုတ်ဘူး။ ရေတပ်အရာရှိရဲ့ မယားငယ်။ ရန်ဖြစ်တာမဟုတ်ဘူး။ ထိုင်နေရင်းနဲ့ သေနတ်ကို သန့်ရှင်းရေးလုပ်နေရင်းနဲ့ ကျည်ကထွက်သွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ ရေတပ်အရာရှိ၏ မယားငယ်သည် ဆ/ကရပ်ကွက်ကိုပြောင်းလာသည်မှာ မကြာသေးဘဲ ရေတပ်အရာရှိမှာ ရံဖန်ရံခါ လာတတ်သူဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

“(၂)လမ်းနဲ့ (၃)လမ်းကြားက ရှမ်းခေါက်ဆွဲဆိုင်မှာ ယောင်္ကျားက မိန်းမကိုသေနတ်နဲ့ပစ်တာလို့တော့ သိရတယ်။ တချို့ကလည်း မိန်းမကို သေနတ်နဲ့ စနောက်ရင်းကနေ ကျည်ထွက်သွားတာလို့ပြောတယ်။ ကျည်ထွက်ပြီး ထိမှန်တာတော့ ဟုတ်တယ်။ အသေးစိတ်ကိုတော့ မသိရဘူး။”ဟု ဒေသခံတစ်ဦးက ထပ်မံပြောသည်။

 

စစ်ကောင်စီရေတပ်အရာရှိ၏ အမည်နှင့် ရာထူးတို့ကိုမူ အတည်ပြုနိုင်ရန် ဒေသခံများထံ ဆက်လက်မေးမြန်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency