ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် (၃၁)ဦး၏ အလောင်းရှာတွေ့

Photo: Kyaw Kyaw Aung
Photo: Kyaw Kyaw Aung
ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် (၃၁)ဦး၏ အလောင်းရှာတွေ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျမှုကြောင့် ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သေဆုံးသွားသူ (၃၁)ဦးအလောင်းကို ရှာဖွေတွေ့ရှိသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်အစောပိုင်းတွင် စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျမှုဖြစ်ပြီး နေအိမ် (၅၇)လုံးပါသွားကာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေရာက ယနေ့အထိ (၃၁)ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဦးမှာ ဆေးရုံးတွင်သေဆုံးသွားသည်ဟု ဆိုသည်။

“မြေပြင်မှာ ရှာဖွေကယ်ဆယ်ရေးက တွေ့တာက (၃၁)လောင်းပါ။ ဆေးရုံမှာ ဒဏ်ရာရလူနာတွေထဲက တစ်ဦး သေတယ်လို့တော့ ကြားပါတယ်။ ဆက်ပြီးတော့ မရှိနိုင်တော့ပါဘူး။ နွံကန်အကုန်လုံးလည်း ရှင်းလိုက်ပြီဆိုတော့ လေ။ ရှာဖွေကယ်ဆယ်ရေးတော့ ဆက်လုပ်ဖို့ နေရာကို မရှိတော့တာ။”ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

နွံကန်ပေါက်ကျကာ မြေပိ၍ သေဆုံးသူများထဲတွင် ကလေးများလည်းပါဝင်နေပြီး ယမန်နေ့က (၁၅)လောင်းကို ဆုတောင်းပွဲနှင့် ဗုဒ္ဓဘာသာလုပ်ထုံးနှင့်အညီ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။