ချင်းပြည်နယ်တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က အကြမ်းဖက်သတ်ဖြတ်၊ ဖျက်ဆီးခိုးယူမှုများကို မြန်မာနှင့် ကမ္ဘာက မသိစေရန် ဆက်သွယ်ရေးလိုင်းများ ဖြတ်ထားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ (၂၁) ရက်နေ့မှစ၍ ချင်းပြည်နယ် မင်းတပ် - မတူပီကြား မိုင် ၇၀ (လေရှိရွာ)တွင် တပ်စွဲပြီး အင်အား သံချပ်ကာကား (၂) စီးအပါအဝင် စစ်ကား (၈၀) ခန့်ဖြင့် ရောက်ရှိနေကြောင်း သိရသည်။
ကျေးရွာအတွင်း တပ်စွဲနေသည့် အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူများ၏ အိုးအိမ်၊ ဆန်များ၊ အသုံးဆောင်ပစ္စည်းများ၊ အိုးခွက်များ၊ စက်သုံးဆီများ၊ စားစရာများ၊ စောင်များ စသည့် ပစ္စည်းအားလုံးကို ဖျက်ဆီးခိုးယူနေကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အမြင့်ပေ (၉၀၀၀) ကျော်တွင် တည်ရှိကာ ရာသီဥတုဆိုးဝါးရှားပါးသည့်ဒေသရှိ ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က တပ်စွဲထား၍ ဒေသခံများမှာ ယနေ့အချိန်ထိ တောတွင်း၌ တိမ်းရှောင်နေကြရသဖြင့် အခက်အခဲများစွာ ဖြစ်နေကြကြောင်း သိရသည်။