တောင်ငူရေဘေးအတွက် သယ်လာသည့် စက်လှေများကို စစ်ကောင်စီအဖွဲ့က ကြားဖြတ် လုယူ

တောင်ငူရေဘေးအတွက် သယ်လာသည့် စက်လှေများကို စစ်ကောင်စီအဖွဲ့က ကြားဖြတ် လုယူ

တောင်ငူရေဘေးအတွက် သယ်လာသည့် စက်လှေများကို စစ်ကောင်စီကြားဖြတ်လုယူ

ပဲခူးတိုင်းအတွင်း တောင်ငူရေဘေးအတွက် သယ်လာသည့် စက်လှေများကို စစ်ကောင်စီအဖွဲ့က ကြားဖြတ်လုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ရေကြီးနစ်မြုပ်မှု အခြေအနေဆိုးနေသည့် တောင်ငူမြို့သို့ ပဲခူးမြို့မှအလှူရှင်က စက်လှေ(၅)စီးအား လှူဒါန်းရာ  ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၃) ရက်နေ့တွင် တောင်ငူမြို့သို့ သယ်လာခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ အရောက်တွင် စစ်ကောင်စီအဖွဲ့က စက်လှေ(၅)စီးအနက် (၄)စီးအား ထန်းတစ်ပင်မြို့နယ်သို့ ပေးပို့ရမည်ဟု ပြောဆိုကာ ယူဆောင်သွားကြောင်း သိရသည်။ 

ကျန်တစ်စီးသာ တောင်ငူကိုပေးရမည်ဟု သတ်မှတ်ရာ စက်လှေပိုင်ရှင်က ဝင်ရောက်ပြောဆိုပေးခြင်းကြောင့် ကျန်တစ်စီးကိုလည်း မနက်မိုးလင်း စစ်ဆေးကြည့်ရှု့ပြီးမှ စတင်အသုံးပြုမည်ဟု စစ်ကောင်စီဘက်က ပြောဆိုကြောင်း သိရသည်။



ယမန်နေ့ကလည်း ရေကြီးနစ်မြုပ်နေသည့် ရေတာရှည်မြို့နယ် အရှေ့ဖက်ကမ်းရွာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားသည်ဟုဆိုကာ စစ်ကောင်စီတပ်က ကယ်ဆယ်ရေးသမားများအား သွားရောက် ကယ်ဆယ်ခွင့်ပိတ်ပင်ထားသည်။

တောင်ငူမြို့တွင် ကျေးရွာများ ရေမြုပ်နေပြီး ဒေသခံများ ပိတ်မိနေသဖြင့် ကူညီကယ်ဆယ်ရေးများ လိုအပ်နေသော်လည်း ​လှေမလုံလောက်ခြင်းကြောင့် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

 



"တောင်ငူပတ်ပတ်လည်က ရွာတွေ ရွာလုံးကျွတ်တွေ ရေမြုပ်နေကြတာပါ။ လူအသေအပျောက်တွေလည်း ရှိနေပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။



လက်ရှိတွင် ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ အထက်ဘက်၌ စိုးရိမ်ရေမှတ်ကို အလွန်အမင်း ကျော်လွန်နေပြီး မြစ်အောက်ပိုင်းသို့ ဆင်းလာတော့မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က စက်တင်ဘာလ(၁၃)ရက်နေ့ ညပိုင်းတွင် ပြောသည်။ 

စစ်တောင်းမြစ်ရေသည် တောင်ငူအောက်ဘက်၊ ရွှေကျင်အထက်ဘက်(နတ်သံကွင်း)တွင်လည်း စိုးရိမ်ရေအမှတ်ထက် အလွန်အမင်း ကျော်လွန်နေသည်ဟု သိရသည်။ 

လက်ရှိတွင် တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေနစ်မြုပ်နေပြီး လူအသေအပျောက်လည်းရှိနေသည်။ 

စစ်တောင်းမြစ်ရေသည် လက်ရှိတွင် တောင်ငူမြို့တွင် စိုးရိမ်ရေအမှတ် ၃၅.၁၀ အထက် (၂)ပေခွဲကျော်လွန်နေသဖြင့် လာမည့်ရက်တွင် နောက်ထပ် တစ်ပေထပ်တိုးမည်ဟု မိုးဇလက ကြေညာထားသည်။

#TachileikNewsAgency