စစ်ခေါင်းဆောင် မင်းအောင်လှိုင်အလိုမရှိကြောင်း Bright Futureအဖွဲ့က ဦးဆောင် ဆန္ဒပြသည့် ဆန္ဒပြပွဲကို လာရောက်ကန့်ကွက်သည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၅)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ UN ရုံးရှေ့၌ နွေဦးတော်လှန်ရေးလှုပ်ရှားသူ သပိတ်အင်အားစုများ စုဖွဲ့ထားသည့် Bright Future အဖွဲ့သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်ဟု သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ကန့်ကွက်သည့် ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ လူအချို့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး Bright Future အဖွဲ့မှ တာဝန်ရှိသူကို ထိုင်းရဲတပ်ဖွဲ့က ဘေးကင်းရာ ခေါ်ဆောင်သွားခဲ့ရသည်ဟု သိရသည်။
ဧပြီ(၄)ရက် ညနေပိုင်းကလည်း BIMSTEC အစည်းအဝေးကျင်းပသည့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ကန့်ကွက်ဆန္ဒပြခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အစည်းအဝေးအပြီး ညဆက်မအိပ်တော့ဘဲ မြန်မာနိုင်ငံသို့ ညပိုင်း အချိန်ကြီးတွင် ပြန်ရောက်လာသည်။
၎င်းသည် ဘန်ကောက်သို့ သွားမည့် အကြောင်းကို ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့မှသာ အနီးကပ် အသိပေးခြင်း ဖြစ်ပြီး ယင်းနောက် ဧပြီလ(၃)ရက်နေ့တွင် ဘန်ကောက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ကာ ဧပြီလ(၃)ရက်နေ့ ညပိုင်း တစ်ညအိပ်ပြီး ဧပြီလ(၄)ရက်နေ့၏ အစည်းအဝေးအပြီး ညပိုင်း ဆက်မအိပ်တော့ဘဲ ပြန်ရောက်လာခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပြည်ပပြန် ခရီးစဉ်တိုင်းတွင် အိုးစည်ဗုံးမောင်းများ တီးခတ်ပြီး စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်ကို ထောက်ခံသည့် အနုပညာရှင်များက ကြိုဆိုလေ့ရှိသော်လည်း ယခုအခါ ညပိုင်း အချိန်ကြီးပြန်လာ၍ ၎င်းအား လူတစ်စုကသာ ဖြစ်သလို ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
#TachileikNewsAgency
Photo: ประชาไท