ဧရာဝတီတံတား(ရတနာပုံ)တွင် ခရီးသည်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး PDF များက လူသားဒိုင်းပြုလုပ်သည်ဟု ဇော်မင်းထွန်းက စွတ်စွဲပြောဆို

ဧရာဝတီတံတား(ရတနာပုံ)တွင် ခရီးသည်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး PDF များက လူသားဒိုင်းပြုလုပ်သည်ဟု ဇော်မင်းထွန်းက စွတ်စွဲပြောဆို
သြဂုတ် 17, 2022 | အခြားဒေသများ

 မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းအကြားရှိ ဧရာဝတီတံတား(ရတနာပုံ)တွင် အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ကျဆုံးမှု အခြေအနေများနှင့် ပတ်သက်ပြီး PDF ဘက်က (၂)ဦး ကျဆုံးပြီး၊ (၁)ဦးကို အရှင်မိကြောင်းနှင့် PDF များက ခရီးသည်များကို လူသားဒိုင်းပြုလုပ်သည်ဟု  အာဏာသိမ်းစစ်အုပ်စုဘက်မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွတ်စွဲပြောဆိုသည်။ 

"(၂)ဦးကို အသေဖမ်းမိပါတယ်။ တစ်ဦးကို အရှင်ဖမ်းမိပါတယ်။ ခရီးသည် (၅)ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။"ဟု ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။ 

ဒဏ်ရာရရှိသည့် အာဏာသိမ်းအဖွဲ့မှ (၂)ဦးကို စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နှင့် ပြည်သူတစ်ဦး သေဆုံးမှု နှင့် ပတ်သက်ပြီး PDF များက ခရီးသည်များကို အကာအကွယ်ယူပြီး လူသားဒိုင်း ပြုလုပ်သည်ဟု စွတ်စွဲပြောဆိုသည်။

သတင်းပေးချက်အရ အာဏာသိမ်းစစ်အုပ်စုက နံနက်(၈)နာရီ (၁၅)မိနစ်အချိန်တွင် ရတနာပုံတံတားအဆင်း ဘီးခွန်ကောက်သည့်နေရာသို့ ရောက်ရှိလာသည့် ခရီးသည်တင်ယာဉ်အား စစ်ဆေးရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွင်း နောက်ဆုံး အတည်ပြုချက်အရ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က (၂)ဦး ကျဆုံးသည့်အပြင် (၁)ဦး အရှင်ဖမ်းခံရကာ ခရီးသည်ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း နှင့် အာဏာသိမ်းစစ်အုပ်စုဘက်က (၂)ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရသည်။

 

#TachileikNewsAgency