ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေ (၄)သိန်းကျော်အတွက် WFP က တစ်လစာ စားနပ်ရိက္ခာများ ပြင်ဆင်ထား 

Photo: WFP
Photo: WFP
ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေ (၄)သိန်းကျော်အတွက် WFP က တစ်လစာ စားနပ်ရိက္ခာများ ပြင်ဆင်ထား 

 မိုခါ ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍  ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း (၄)သိန်း ကျော်တို့၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)က ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။



အကူအညီလိုအပ်လျက်ရှိသော ရပ်ရွာလူထုထံ လူသားချင်းစာနာမှု အထောက်အပံ့များ အပြည့်အဝ သွားရောက်ကူညီခွင့် နှင့် ရပ်ရွာလူထု၏ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးမှုတို့ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်မတို့  WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကို ခံစားနေကြရပြီး၊ ကြံ့ကြံ့ ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပါတယ်။ အဲ့ဒီဒေသတွေက မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထား နေကြရတဲ့ အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး။”ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိသည့် နယ်မြေဒေသများတွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသလို သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက်ကြန့်ကြာမှုများကို ကြိုတင်ခန့်မှန်း ပြင်ဆင်သည့်အနေဖြင့် WFP ဝန်ထမ်းများသည် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအသင့်ပြင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များကိုလည်း တပ်ဆင်လျက်ရှိကြောင်း သိရသည်။