ပုဂံမြို့ ဆင်ကဘုရား ပြိုကျ 

ပုဂံမြို့ ဆင်ကဘုရား ပြိုကျ 
စက်တင်ဘာ 12, 2024 | အခြားဒေသများ

မန္တလေးတိုင်း ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ (၁၃)ရာစုလက်ရာ ဆင်ကဘုရား ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ပြိုကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက်(၁၁)နာရီကျော်တွင် ဘုရားအမှတ် (၁၀၄၂)၊ ဆင်ကဘုရားပြိုကျသွားပြီး ဆင်ကဘုရားကို ဆင်ကအုတ်တိုက်ရှည်ဟုလည်း ခေါ်ဆိုသည်ဟု သိရသည်။ 

အဆိုပါဘုရားသည် ၁၉၇၂ ခုနှစ်ကတည်းက ရှေးဟောင်းအဆောက်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယင်းနှစ်တွင် ပြုပြင်ထိန်းသိမ်းရေး တစ်ကြိမ်သာပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

"ဒီတစ်ခါပြိုတာက ရှေးလက်ရာစစ်စစ်တွေကျန်တဲ့ပေါင်းကူးအမိုးကနေ စပြိုကျသွားတာ။ ကျလာတဲ့ အုတ်ချပ်တွေကြည့်လိုက်ရင်လည်း ရှေးအုတ်တွေပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပြိုကျလာသည့် အုတ်ချပ်များအားစစ်ဆေးရာတွင် ရေဝင်၊ ရေဝထားသည့် လက္ခဏာတွေ့ရကာ ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်သည် မိုးရေဒဏ်ကို ထိမ်းမထားနိုင်တော့ဘဲ ပြိုကျခြင်းဖြစ်ကြောင်း သိရသည်။ 

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသည် ယူနက်စကိုစာရင်းဝင်ဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းမှုညံ့ဖျင်းခြင်းကို တွေ့ရကြောင်း ဒေသခံများက ဝေဖန်သည်။

#TachileikNewsAgency

Photo: CJ