မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများအတွက် စစ်ကူလာသည့် စစ်ကောင်စီယာဥ် ကိုးစီးကို မတ္တရာ ပ.က.ဖ (တိုက်နယ် ၃) မှ မိုင်းခွဲဖျက်ဆီး

မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများအတွက် စစ်ကူလာသည့် စစ်ကောင်စီယာဥ် ကိုးစီးကို မတ္တရာ ပ.က.ဖ (တိုက်နယ် ၃) မှ မိုင်းခွဲဖျက်ဆီး

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စခန်းသိမ်းတိုက်ပွဲများအတွက် စစ်ကောင်စီစစ်ကူများ ဖြတ်တောက်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်နေကြပြီး မတ္တရာ ပ.က.ဖ (တိုက်နယ် ၃) မိုးကြိုးစစ်ကြောင်းတစ်ဖွဲ့တည်းမှ မိုင်းအလုံးပေါင်း ၁၀၀ ကျော်အသုံးပြု တိုက်ခိုက်ပြီး စစ်ကောင်စီကား (၉)စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း မိုးကြိုးစစ်ကြောင်းထံမှ သိရသည်။

ဇွန်လ (၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကို မိုးကြိုးစစ်ကြောင်းမှ မတ္တရာ-ဆည်တော် ကားလမ်းကြောအတွင်းရှိနေရာအစုံမှ ပဒေသာမိုင်းများဖြင့် နေ့ညမပြတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မန္တလေး၊ မတ္တရာဘက်မှ တက်လာသော စစ်ကူစစ်ကြောင်း၊ ကားတန်းရှည်နှင့် ခြေလျင်စစ်ကြောင်းတို့အား ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၆) ရက်နေ့ မနက် (၇) နာရီခန့်တွင် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းကို မိုင်းငါးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု (၁၀) မိနစ်ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းည (၈)နာရီတွင် မိုးကြိုးစစ်ကြောင်းမှ နယ်မြေရှင်းလင်းမှုလုပ်ဆောင်စဉ် ဝန်တင်ကုန်းဇရပ်တွင် ည(၁၂)နာရီအချိန်၌ တပ်ကြပ် (၂)ဦး ၊ ဒုတပ်ကြပ် (၁)ဦးနှင့် တပ်သား (၁)ဦးတို့အား  လက်နက်များနှင့်အတူ ကျည်၊ ယူနီဖောင်း၊ ခဲယမ်းအစုံအလင်ဖြင့် ဖမ်းဆီးရမိကြောင်းသိရသည်။

ဇွန်လ (၂၈)ရက်နေ့ မနက် ကိုးနာရီခွဲအချိန်တွင် ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ မြစ်ကမ်းရွာအနီး၌ လူစိမ်း (၂)ယောက်အား မိုးကြိုးစစ်ကြောင်းမှ သွားရောက်ခေါ်ယူစစ်ဆေးရာ ၎င်းတို့ (၂)ဦးမှာ အင်ကြင်းမြိုင်စစ်တပ်အား စစ်ကူလာသောစစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်သားများဖြစ်ကြောင်း သိရှိရ၍  ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် မနက်(၁၁)နာရီခွဲတွင် ဆည်တော်ကြီးနယ်မြေရဲစခန်းမှ ထွက်ပြေးလာသည့် ရဲများနှင့် သပြေအိုက်ရွာအနီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲများဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ကာ ဆည်တော်ကြီးနယ်မြေရဲစခန်း စခန်းမှူးကျော်ကျော်သန့်ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် (၉)ဦး လက်နက်ချ အညံခံခဲ့ကြောင်း သိရသည်။

၎င်းထိတွေ့တိုက်ပွဲအတွင်း မိုးကြိုးစစ်ကြောင်း တိုက်နယ်(၃) ပကဖ နှင့်အတူ စစ်ကူရောက်ရှိလာသည့် မိုးကြိုးပြောက်ကျားအဖွဲ့ နှင့် ပြင်ဦးလွင်ခရိုင် ပ.က.ဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ရဲတပ်သားတစ်ဦးအား မိုးကြိုးစစ်ကြောင်းမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပြီး ကျန်ရှိသည့် စခန်းမှူး ရဲအုပ်ကျော်ကျော်သန့် ၊ နယ်ထိန်းအောင်အောင်ဦးနှင့် မတ္တရာနယ်တဝိုက် ငွေညှစ်အကြမ်းဖက်မှုကို လုပ်ကိုင်ခဲ့သော ဖိုးချင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် (၉)ဦးကို ၎င်းတို့၏လက်နက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

ဇွန်လ (၂၈)ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁၀)ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး  လက်နက် (၁၄)လက်နှင့် ထောက်ပို့ယာဉ်များဖြစ်သည့်  ကန်တာတစ်စီး၊  အိမ်စီးကားတစ်စီးနှင့် ဖောကားတစ်စီး စုစုပေါင်းကား (၃)စီး ရရှိခဲ့ကြောင်း သိရသည်။

မိုးကြိုးစစ်ကြောင်း တိုက်နယ် (၃) ပကဖ အနေဖြင့်  ကျရာတာဝန်တွင် အားသွန်ခွန်စိုက် ပါဝင်လျှက်ရှိပြီး တော်လှန်ရေးအရှိန်အဟုန်အတိုင်း  မြို့သိမ်းတိုက်ပွဲများလည်း ဆက်လက်ဆင်နွှဲလျက်ရှိကာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်  တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့