ပဇီကြီးရွာအား စစ်ကောင်စီတပ်မှ ထပ်မံစစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ(၇)ရွာမှ ဒေသခံ (၅၀၀၀)ကျော် ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ 

ပဇီကြီးရွာအား စစ်ကောင်စီတပ်မှ ထပ်မံစစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ(၇)ရွာမှ ဒေသခံ (၅၀၀၀)ကျော် ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ 

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အင်အား (၁၅၀)ခန့်ဖြင့် ဧပြီလ (၁၉)ရက်နေ့က  စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကျေးရွာ(၇)ရွာမှ ဒေသခံပြည်သူ (၅,၀၀၀)ကျော်မှာ နီးစပ်ရာ တောတဲများမှ ထပ်မံ၍ အရေးပေါ် ရွှေ့ပြောင်းကာ စစ်ရှောင်နေကြရကြောင်း ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့၏ နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူမြို့နယ် မလည်ဘက်သို့ စစ်ကြောင်းထိုးလာသော ယင်းစစ်ကြောင်းမှာ  ညနေပိုင်း (၄)နာရီခွဲခန့်တွင် ပဇီကြီးရွာအတွင်းသို့ ရောက်ရှိလာခဲ့သည့်အတွက် ပဇီကြီး၊ ထန်းတော၊ လေးတွင်းဇင်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတောနှင့် ချောင်းမကြီးရွာများမှ အရေးပေါ် စစ်ရှောင်ကြရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပဇီကြီးကျေးရွာနေ အပြစ်မဲ့ ပြည်သူများမှာ လေကြောင်း တိုက်ခိုက်ခံရပြီးကတည်းက ရွာထဲ ပြန်ဝင်ရန် စိုးရိမ်သဖြင့် ကျေးရွာအနီး တောတဲများ၌ နေထိုင်နေကြခြင်းဖြစ်သည်။

မလည်နှင့် ပဇီကြီးကျေးရွာမှာ လေးမိုင်ခန့်သာ ဝေးပြီး ပဇီကြီးကျေးရွာမှာ ဧပြီ (၁၁)ရက်က အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါဝင် ဒေသခံ (၁၆၈)ဦး သေဆုံးခဲ့ကာ (၁၆)ဦး ဒဏ်ရာရရှိခဲ့သည်။ 

လေကြောင်းတိုက်ခိုက်ခံရစဉ်က အသက်မပြည့်သေးသည့် ကလေးငယ်များလည်း သေဆုံးခဲ့ကာ လက်ရှိတွင် အကြီးစားကုသမှုပေးနေရသည့် ပြည်သူ(၁၆)ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ (၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်နစ်နာခဲ့သူများ၏ မိသားစုများအား နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် ပြည်တွင်းနေ ပြည်သူများ၏ ပံ့ပိုးမှုဖြင့် အရေးပေါ်ကူညီစောင့်ရှောက်မှုများအား ပြုလုပ်ပေးလျက်ရှိသော်လည်း ကျေးရွာအား ဦးတည်၍ စစ်ကြောင်းထိုးလာသည့်အတွက် ကူညီထောက်ပံ့မှုများအားလည်း  ခေတ္တခဏရပ်ဆိုင်းထားရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။